စစ်ရေးဆက်ဆံမှု ခိုင်မာအားကောင်းရေး အင်ဒိုနီးရှားနှင့် ဂျာမနီတို့ သဘောတူ 

By Borneo Bulletin
07 June 2023
စစ်ရေးဆက်ဆံမှု ခိုင်မာအားကောင်းရေး အင်ဒိုနီးရှားနှင့် ဂျာမနီတို့ သဘောတူ 

အင်ဒိုနီးရှားနှင့် ဂျာမနီနိုင်ငံတို့သည် ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းရေးအတွက် တနင်္လာနေ့တွင် သဘောတူကြပြီး ဒေသတွင်း အခြားသော နိုင်ငံများနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် စီစဉ်ကြသည်။ 

ဂျကာတာတွင် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီအန်တိုနှင့် တွေ့ဆုံမှု၌ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပီစတောရပ်စ်က ကြီးထွားလာသော ဆက်ဆံရေးအကြောင်းကို ဆွေးနွေးခဲ့သည်။ 

“ရေငုပ်သင်္ဘောအချို့အကြောင်း သဘောတူညီချက် ရဖို့ ဖြစ်နိုင်ခြေတွေကို ကျွန်တော်တို့ ပြောဆိုခဲ့တယ်၊ နောက်ပြီး အင်ဒိုနီးရှားဆီ လာရောက်နေတဲ့ မိုင်းရှင်းသင်္ဘော နှစ်စင်းအကြောင်းကိုလည်း ကျွန်တော်တို့ ပြောဆိုကြတယ်”ဟု ပီစတောရပ်စ်က ဆိုသည်။ 

ဂျာမနီနှင့် အင်ဒိုနီးရှားတို့အနေဖြင့် အခြားသော ဒေသတွင်းမိတ်ဖက်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် စီစဉ်နေသော်လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိကြပေ။ 

ယခု ကာကွယ်ရေးဝန်ကြီး နှစ်ဦးစလုံးသည် အာရှ၏ နှစ်ပတ်လည် ကာကွယ်ရေးနှင့် လုံခြုံရေးဖိုရမ်ဖြစ်သော စင်ကာပူက Shangri-La ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ 

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဂျာမနီက စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ပီစတောရပ်စ်က တနင်္ဂနွေနေ့တွင် ပြောသည်။ 

“လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းစေဖို့ ကျွန်တော်တို့ အသင့်ရှိထားတယ်”ဟု ၎င်းက ဆိုသည်။ 

အင်ဒို-ပစိဖိတ် အထူးသဖြင့် အရှေ့အာရှရှိ လုံခြုံရေးအခြေအနေမှာ တင်းမာမှုများ ကြီးစိုးနေကြောင်း စနေနေ့က ဖိုရမ်တွင် ဆူဘီအန်တိုက ပြောခဲ့သည်။ 

“မဟာအင်အားကြီး နိုင်ငံတွေ ပေါ်ထွန်းလာပြီး ပြိုင်ဘက်ကင်း ကမ္ဘာ့ပါဝါနဲ့ ထိတွေ့ချိန်မှာ တင်းမာမှုတွေ မြင့်တက်လာတာက သမိုင်းက ကျွန်တော်တို့ကို သင်ကြားပေးနေတယ်၊ ဒါပေမဲ့ ဒီ ယှဉ်ပြိုင်မှုတွေဟာ စစ်အေးသစ်ဆီ ပြောင်းလဲသွားတယ်၊ ဒုတိယစစ်အေးတိုက်ပွဲလို့ ခေါ်ဆိုရမှာ ဖြစ်တယ်”ဟု ဆူဘီအန်တိုက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly