လူ ၂၉၀ နီးပါး သေဆုံးသည့် ရထားတိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို အိန္ဒိယအာဏာပိုင်များ ရှာဖွေနေ

လူ ၂၉၀ နီးပါး သေဆုံးသည့် ရထားတိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို အိန္ဒိယအာဏာပိုင်များ ရှာဖွေနေ
Photo - AFP

အိန္ဒိယနိုင်ငံတွင် လူ ၂၈၈ ဦးထက်မနည်း သေဆုံးခဲ့ရသည့် ဆယ်စုနှစ်များအတွင်း အဆိုးဆုံးသော ရထားတိုက်မှု ဘေးဒုက္ခဆိုးဖြစ်စဉ်တစ်ခု ဖြစ်ပြီးနောက် ဇွန်လ ၄ ရက်တွင် ပျောက်ဆုံးနေသူများကို ပူဆွေးသောကရောက်နေကြသည့် ဆွေမျိုးများက အသည်းအသန် လိုက်လံရှာဖွေနေခဲ့ကြသည်။ ရထားတိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေသည် ၂၈၈ ဦးအထက် မြင့်တက်ဖွယ် ရှိနေသလို ဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်သည့် သဲလွန်စများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ရှာဖွေလျက် ရှိသည်။

နိုင်ငံအရှေ့ပိုင်း ဩရိသပြည်နယ် Balasore မြို့အနီး ဇွန်လ ၂ ရက် ညပိုင်းက ဖြစ်ပွားသော ရထားတိုက်မှု ဖြစ်စဉ် ဖြစ်ပွားရာနေရာ၌ အပျက်အစီးများ စုပုံနေပြီး ရထားတွဲများ တိုက်မိပျက်စီးထားသလို တွဲတချို့၏ သွေးစွန်းနေသော အပျက်အစီးများမှာလည်း သံလမ်းများ၏ မလှမ်းမကမ်းတွင် ရှိနေသည်။

“သွေးထွက်သံယို မြင်ကွင်းတွေ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အလောင်းတွေကို ကျွန်တော် တွေ့ခဲ့ရတယ်။ ဒဏ်ရာရထားတဲ့ သားဖြစ်သူက ကူညီပေးထားရတဲ့ လက်မှာ အပြင်းအထန် ဒဏ်ရာရထားတဲ့ အမျိုးသားတစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်” ဟု ရထားတိုက်မှုဖြစ်စဉ်၌ အသက်ရှင်လွတ်မြောက်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် သုတေသီ အနုဟက် ဒါ့စ်က အေအက်ဖ်ပီကို ပြောသည်။

ရထားတိုက်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း၏ အကြောင်းရင်း အတိအကျနှင့်ပတ်သက်ပြီး မရေမရာ ရှုပ်ထွေးမှုတို့ ရှိနေသော်လည်း ထိုဖြစ်စဉ်တွင် အချက်ပြမှု အမှား (ချို့ယွင်းမှု) တစ်ခုကြောင့် ကိုးလ်ကတ္တားမှ ချန်နိုင်းသို့ တောင်ဘက်အတိုင်း မောင်းနှင်လာသည့် Coromandal အမြန်ရထားသည် နံဘေးဘက် သံလမ်းတစ်ခုပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း မီးရထားတာဝန်ရှိသူများကို ကိုးကားပြီး သတင်းများက ဖော်ပြသည်။

ယင်းနောက် ထိုရထားသည် ကုန်တင်ရထားတစ်စင်းကို ဝင်တိုက်မိသလို ယင်းမှတဆင့် အပျက်အစီးများကြောင့် ထိုနေရာသို့ ဖြတ်သန်းမောင်းနှင်လာသော ဘန်ဂါလူရူမှ ကိုးလ်ကတ္တားသို့ မြောက်ဘက်အတိုင်း ဦးတည်သည့် အမြန်ရထားတစ်စင်းကို လမ်းချော်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့သလို ဆေးရုံ၌ ကုသမှုခံယူနေရသည့် ဒဏ်ရာရ ခရီးသည်များကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။ ယခု ရထားတိုက်မှုဖြစ်စဉ်အတွက် တာဝန်ရှိသည့် မည်သူ့ကိုမဆို သက်ညှာခွင့်လွှတ်မည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။

“ဒီ ဝမ်းနည်းဖွယ်ရာ အခိုက်အတန့်ကနေ အမြန်ဆုံး ပြန်ရုန်းထွက်နိုင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်” ဟု မိုဒီက အစိုးရရုပ်သံ Doordarshan ကို ပြောသည်။

ရထားတိုက်မှုဖြစ်စဉ် ဖြစ်ပွားရာနေရာ၏ အနီးရှိ အထက်တန်းကျောင်းတစ်ကျောင်းသည် ယာယီ ရင်ခွဲရုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အလောင်းအများအပြားမှာ  အင်မတန် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အတွက် ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် အလောင်းများရှိ လက်ဝတ်လက်စားများကို ကြည့်ပြီးမှသာ ၎င်းတို့၏ ချစ်ရသူများကို ခွဲခြားရှာတွေ့နိုင်လိမ့်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ရထားလမ်းကွန်ရက်များအနက် တစ်ခု ရှိသည့် နိုင်ငံဖြစ်ပြီး နှစ်များစွာအတွင်း မီးရထားဘေးဒုက္ခဆိုးတချို့လည်း ဖြစ်ပေါ်ထားခဲ့သည်။ ယင်းတို့အနက် အဆိုးဆုံးတစ်ခုသည် ၁၉၈၁ ခုနှစ်က မီးရထားတစ်စင်း ဘီဟာပြည်နယ်ရှိ တံတားတစ်စင်းကို ဖြတ်သန်းချိန် အောက်ဘက်ရှိ မြစ်ထဲသို့ ထိုးကျသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၈၀၀ နှင့် ၁၀၀၀ အကြား သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် သောကြာနေ့ ဖြစ်စဉ်သည် တတိယမြောက် အဆိုးဆုံးနှင့် ၁၉၉၅ ခုနှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၉၅ ခုနှစ်ကလည်း အက်ဂရာမြို့အနီး အမြန်ရထားနှစ်စင်း တိုက်မိ၍ လူ ၃၀၀ ကျော် သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များနှင့် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများကြောင့် မီးရထား ဘေးကင်းလုံခြုံမှုကို သိသိသာသာ တိုးတက်စေခဲ့သော်လည်း ယခု ဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်ဟု မီးရထားဝန်ကြီးဌာနက ကြေညာသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှ ဝမ်းနည်းစကားများ အသီးသီး ထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly