ရွေးကောက်ပွဲမတိုင်မီ မြန်မာတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရေး ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

ရွေးကောက်ပွဲမတိုင်မီ မြန်မာတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရေး ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာတွင် “အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု” မလုပ်ဆောင်ဘဲ ရွေးကောက်ပွဲ စီစဉ်ကျင်းပပါက အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဇွန်လ ၃ ရက်တွင် ပြောသည်။

ကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ဂျီနီဗာ၌ မြန်မာ၏ ဦးဆောင်အတိုက်အခံပုဂ္ဂိုလ်တစ်ဦး နှင့် တွေ့ဆုံပြီးနောက် တစ်ရက်အကြာတွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်တွင် ရာထူးမှ ထွက်တော့မည့် ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက သူမသည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ပြောသည်။

“အတိုက်အခံ ပါတီများကို ဖျက်သိမ်းခြင်း ကဲ့သို့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို ထိခိုက်စေရန် ရည်ရွယ်လျက် မြန်မာစစ်တပ်ဘက်က လုပ်ဆောင်လျက်ရှိသော ကြိုးပမ်းချက်များအပေါ် ကုလ အထူးကိုယ်စားလှယ်က သောကြာနေ့ အစည်းအဝေးတွင် သတိပေးပြောဆိုခဲ့သည်” ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“နိုင်ငံသားများကို ၎င်းတို့၏ အခွင့်အရေးများ လွတ်လပ်စွာ ကျင့်သုံးခွင့်ပြုသည့် အခြေအနေများနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုတို့ မရှိခိုက်တွင် စစ်တပ် အဆိုပြုသော ရွေးကောက်ပွဲများက အကြမ်းဖက်မှုကို ပိုမိုဆိုးဝါးစေမည့် အန္တရာယ် ရှိကြောင်း ဟေဇာက သတိပေးသည်။

တွေ့ဆုံဆွေးနွေးမှုတိုင်းသည် အမျိုးသမီးနှင့်လူငယ် အပါအဝင် ပဋိပက္ခဒဏ်သင့် ဧရိယာများရှိ ပြည်သူများအပေါ် အာရုံစိုက်သင့်သည်ဟု ဟေဇာက ပြောသည်။

မြန်မာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲက မဲမသမာမှုများ ရှိသည်ဆိုသည့် အထောက်အထား မခိုင်လုံသော စွပ်စွဲချက်များနှင့်အတူ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ၂၀၂၁ ဖေဖေါ်ဝါရီလတွင် ဖြုတ်ချ အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် ဝရုန်းသုန်းကားအခြေအနေအောက် ကျရောက်နေခဲ့သည်။

ယင်းနောက် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ စစ်အုပ်စု လွှမ်းမိုးသော ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ခန့်အပ်ပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပစေရန် တာဝန်ပေးထားသည်ဖြစ်ရာ ယင်းရွေးကောက်ပွဲအသစ်က လွတ်လပ်၊ တရားမျှတနိုင်လိမ့်မည် မဟုတ်ဟု အတိုက်အခံများက ပြောသည်။

ထို့ပြင် ကော်မရှင်သည် စစ်တပ် ရေးဆွဲသော ရွေးကောက်ပွဲ စည်းမျဉ်းသစ်များကို လိုက်နာရန် ပျက်ကွက်၍ဟု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ဖျက်သိမ်းထားခဲ့သည်။

ကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ရာထူးတာဝန် ၁၈ လ သက်တမ်းအတွင်း သူမသည် အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ အတိုက်အခံများ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

နိုလင်းဟေဇာသည် ယမန်နှစ် ဩဂုတ်လက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အခြားအဆင့်မြင့် စစ်ဘက်အရာရှိများနှင့် တွေ့ဆုံခဲ့ရာ ယင်းလုပ်ဆောင်ချက်က စစ်ဗိုလ်ချုပ်ကြီးများကို တရားဝင်ဖြစ်မှုပေးခြင်းအဖြစ် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

သို့သော် သူမသည် ဖမ်းဆီးခံ ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ငြင်းပယ်ခံခဲ့ရသလို နောက်ပိုင်းတွင်လည်း ဆွေးနွေးခဲ့သည်တို့နှင့်ပတ်သက်ပြီး “တစ်ဖက်သတ် ထုတ်ပြန်ချက်တစ်ရပ်” ထုတ်ပြန်သည်ဆိုပြီး အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ စွပ်စွဲအမျက်ဒေါသထွက်ခြင်းကို ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly