မြန်မာရှိ စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ရေး နိုင်ငံတကာကုမ္ပဏီများကို ESG ရင်းနှီးမြှုပ်နှံသူများ တိုက်တွန်း

မြန်မာရှိ စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ရေး နိုင်ငံတကာကုမ္ပဏီများကို ESG ရင်းနှီးမြှုပ်နှံသူများ တိုက်တွန်း

အမေရိကန်နှင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အတူ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ် အုပ်ချုပ်မှု (ESG) ကိစ္စများအပေါ် အလေးထားသည့် ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားပေးမှုက နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်းစေရေးကို တွန်းအားပေးလျက် ရှိသည်။

အိန္ဒိယ လုပ်ငန်းစုံကုမ္ပဏီကြီး ဖြစ်သည့် Adani Group က မြန်မာတွင် ဆောင်ရွက်ဆဲဖြစ်သော ဆိပ်ကမ်းစီမံကိန်းတစ်ခုကို ဒေါ်လာ သန်း ၃၀ မျှဖြင့် ရောင်းချကြောင်း မကြာသေးခင်က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပရောဂျက်မှ ငွေကြေးများကို မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီများထံ လွှဲပြောင်းရောက်ရှိစေခဲ့သည်ဟု ဝေဖန်သူများက ပြောဆိုပြီးနောက် Adani က မြန်မာဆိပ်ကမ်း စီမံကိန်းကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

Adani Group ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည့် Adani Ports and Special Economic Zone က ဖော်ဆောင်သော ထိုပရောဂျက်မှာ မြန်မာ၏ စီးပွားရေးမြို့တော် ရန်ကုန်၌ ကုန်သေတ္တာ ဆိပ်ကမ်းတစ်ခု တည်ဆောက်မှု ဖြစ်သည်။

ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့သည် ထိုအိန္ဒိယကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၉ ၊ ဧပြီလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ပရောဂျက်အတွက် အတည်ပြုချက်ကို တောင်းခံရရှိခဲ့သည်။

စီမံကိန်းသည် လုံးလုံးလျားလျား ပုဂ္ဂလိက ဖြစ်သော်လည်း အိန္ဒိယအစိုးရသည် ယင်းကို မြန်မာနိုင်ငံ၌ တရုတ်၏ အခြေခံအဆောက်အအုံ ဖော်ဆောင်မှုအပေါ် တန်ပြန်ဟန်ချက်ထိန်းမှုအဖြစ် အနီးကပ် စောင့်ကြည့်ခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း စစ်တပ်နှင့် ဆက်လက် ဆက်ဆံပတ်သက်ခဲ့သလို ယခုလအစောပိုင်းက မြန်မာ၌ အိန္ဒိယအစိုးရ ထောက်ပံ့သော စစ်တွေဆိပ်ကမ်း ဖွင့်လှစ်ခြင်းက ယင်းကို သာဓကပြသည်။

သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပါဝင်နေချိန် ပုဂ္ဂလိကကဏ္ဍအတွက် ယင်းက မလွယ်ကူခဲ့ပေ။

နောက်ပိုင်းတွင် မြေငှားရမ်းမှု စရိတ်စကများနှင့် အခြားငွေပေးချေမှု ပုံစံဖြင့် စစ်တပ်နှင့် ဆက်နွယ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံ ငွေပေးချေမှုများ ရှိခဲ့ကြောင်း ထုတ်ဖော်တွေ့ရှိခဲ့သည်။ Adani Ports and Special Economic Zone သည် မြန်မာစစ်တပ်၏ ဘဏ္ဍာရေး အထောက်အပံ့များ ရရှိမှုအပေါ် အာရုံစိုက်သည့် စုံစမ်းလေ့လာမှုအဖွဲ့ Justice for Myanmar ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ စစ်တပ်သည် ထိုသို့ရရှိသော ငွေကြေးများကို ၎င်းတို့၏ အုပ်ချုပ်မှုကို ခိုင်မာစေရန် အသုံးပြုလိမ့်မည်ဟု Justice for Myanmar က ပြောသည်။

“Adani Ports ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ့် ကော်ပိုရိတ် တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်” ဟု Justice for Myanmar အဖွဲ့က ၂၀၂၁ ၊ မတ်လ အစီရင်ခံစာတစ်ရပ်တွင် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ဩစတြေးလျ စင်တာနှင့်အတူ ထုတ်ပြန်ပြောဆိုသည်။

အမေရိကန်နှင့် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ပစ်မှတ်ထားခံရသော မြန်မာလုပ်ငန်းများထဲတွင် MEC လည်း ပါဝင်သည်။ ထို ဒဏ်ခတ်ပိတ်ဆို့မှုများက Adani Group ကို တိုက်ရိုက် မသက်ရောက်သော်လည်း အိန္ဒိယကုမ္ပဏီသည်လည်း ပရောဂျက်မှ ရုပ်သိမ်းထွက်ခွာရန် ESG ကို အာရုံစိုက်သည့် ရင်းနှီးမြှုပ်နှံသူများထံမှ ဖိအားပေးခြင်းကို ခံခဲ့ရသည်။

အစိုးရနှင့် ဆက်နွယ်သည့် ကမ္ဘာ့အကြီးဆုံးသော ရန်ပုံငွေများအနက်တစ်ခုဖြစ်သလို နိုင်ငံ၏ North Sea ရေနံမြေများမှ ဝင်ငွေများကို ရင်းနှီးမြှုပ်နှံသည့် နော်ဝေ၏ အစိုးရပင်စင်ရန်ပုံငွေအဖွဲ့၏ လုပ်ဆောင်ချက်များက အထူးတလည် စိတ်ဝင်စားဖွယ် ဖြစ်သည်။

Adani Ports သည် ၂၀၂၁ ၊ အောက်တိုဘာတွင် ယင်း၏ ရုပ်သိမ်းထွက်ခွာမည့်အကြောင်းကို ကြေညာခဲ့သော်လည်း ၂၀၂၂ ၊ မတ်လတွင် “စောင့်ကြည့်ခံရမှု” စာရင်းအောက် ရောက်ရှိခဲ့ပြီး ယင်းသည် နော်ဝေရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုများမှ ဖယ်ထုတ်ခံရရန် အဆင့်တစ်ဆင့်သာ လိုတော့သည့် အခြေအနေဖြစ်သည်။ “ဒီလိုမျိုး ရုပ်သိမ်းထွက်ခွာမှုကို ဘယ်အချိန်မှာ အကောင်အထည်ဖော်နိုင်ခြေ ရှိမလဲ ဆိုတာနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ မသေချာမရေရာမှုတွေ ရှိနေတယ်” ဟု ပင်စင်ရန်ပုံငွေအဖွဲ့၏ ကျင့်ဝတ်ကောင်စီက ယင်း၏ အကြံပြုချက်တွင် ထုတ်ဖော်ခဲ့သည်။

မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နော်ဝေအစိုးရပင်စင်ရန်ပုံငွေအဖွဲ့ကို စီမံခန့်ခွဲသည့် Norges Bank သည် မြန်မာစစ်တပ်နှင့် ဆက်ဆံပတ်သက်သည့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခြင်း အပါအဝင် အစီအမံအများအပြားကို ကြေညာခဲ့သည်။

Korea Gas ကုမ္ပဏီနှင့် Gail (အိန္ဒိယ) ကုမ္ပဏီတို့သည် ဧပြီလက ဖယ်ထုတ်ခြင်းခံခဲ့ရသည်။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုလုပ်ငန်းနှစ်ခုအကြား ဖက်စပ်လုပ်ငန်းက ဖော်ဆောင်သည့် ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်တစ်ခုက မြန်မာစစ်တပ်ထံ ငွေကြေးပံ့ပိုးနေပြီး ရလဒ်အနေဖြင့် လူ့အခွင့်အရေးကို ကြီးလေးသော ချိုးဖောက်မှုများကို ထောက်ကူပံ့ပိုးပေးနေသည်ဟု ယူဆရသည်ဟု Norges Bank က ပြောသည်။

မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နှင့် ဖက်စပ်လုပ်ငန်းတစ်ခုဖြင့် မြန်မာ၌ ဘီယာချက်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သော ဂျပန်၏ ကီရင် (Kirin) ဟိုးဒင်းသည်လည်း ၂၀၂၁ ခုနှစ်တွင် စောင့်ကြည့်ခံစာရင်းအောက် ကျရောက်ခဲ့သည်။ သို့သော် ဖက်စပ်လုပ်ငန်း အဆုံးသတ်ပြီးနောက် ကီရင်သည် ၂၀၂၃ ၊ မတ်လတွင် စောင့်ကြည့်ခံစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။

ကနဦး အစောပိုင်းတွင် အမေရိကန်နှင့် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်တပ်နှင့် ယင်းနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်များကိုသာ ပစ်မှတ်ထားခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းမှစပြီး ဒဏ်ခတ်အရေးယူမှု အတိုင်းအတာကို တိုးချဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများကိုပါ ထည့်သွင်းလာခဲ့သည်။ များမကြာခင်က ဒဏ်ခတ်ပိတ်ဆို့မှုများထဲတွင် မြန်မာသို့ လက်နက်နှင့် လေယာဉ်ဆီ တင်သွင်းရောက်ရှိစေသော ကုမ္ပဏီများအပေါ် အဓိကအာရုံစိုက်အရေးယူခဲ့သည်။ ယင်းသို့ဖြစ်ခြင်းမှာ စစ်တပ်သည် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်သူများနှင့် ဒီမိုကရေစီ လိုလားသောအဖွဲ့များအပေါ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ သုံးပြီး လေကြောင်းတိုက်ခိုက်မှုများကို မကြာမကြာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။

ဧပြီလကလည်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၌ ဒီမိုကရေစီလိုလားသော လူအုပ်စုတစ်စု စုဝေးတွေ့ဆုံစဉ် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ လူ ၁၆၀ ကျော် သေဆုံးခဲ့ရသည်။ “သူတို့ရဲ့ လေယာဉ်ဆီ ဝယ်ယူမှုအပေါ် မိမိတို့ တားဆီးနိုင်မယ်ဆိုရင် လူ့အသက်တွေ အများကြီးကို ကယ်တင်ပေးနိုင်ပါလိမ့်မယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၂၀၁၁ ဒီမိုကရေစီ အစိုးရ အသွင်ကူးပြောင်းမှု မတိုင်မီ မြန်မာ၌ ယခင် စစ်တပ်ထိန်းချုပ်မှု ကာလအတွင်း အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အဓိကကျသည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းစု အများစုကို ပစ်မှတ်ထားခဲ့ပြီး မြန်မာတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံနှင့် ကုန်သွယ်မှုအပေါ် တင်းကျပ်စွာ ကန့်သတ်ပိတ်ပင်ခဲ့သည်။ သို့သော် ယင်းသည် ကြီးလေးသော ဘေးထွက်သက်ရောက်မှုများကို ဖြစ်စေခဲ့ပြီး ဥပမာအားဖြင့် အထည်ချုပ်စက်ရုံများ၌ အလုပ်လုပ်နေသော အမျိုးသမီးများ အလုပ်အကိုင်များ ဆုံးရှုံးမှုကို ဖြစ်စေသည်။ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ စစ်တပ်နှင့် ယင်းနှင့် ဆက်နွယ်ပတ်သက်သည့် ကုမ္ပဏီများကိုသာ ပစ်မှတ်ထားသည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာစစ်အုပ်စု ပြိုလဲစေရေးကို တွန်းအားပေးရန် မျှော်လင့်ချက်ဖြင့် ပိုမို ကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ရေး ဒီမိုကရေစီ လိုလားသော အဖွဲ့များမှ အဖွဲ့ဝင်တချို့က တောင်းဆိုကြသည်။ သို့သော် အကယ်၌ စက်ရုံကြီးများ ပိတ်ပါက ကုန်ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ထိခိုက်ထားပြီးသားဖြစ်သည့် ပြည်သူများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ရပ်တည်ထောက်ပံ့နိုင်ခြင်း မရှိသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။

ဧပြီလက Heineken ၊ Carlsberg နှင့် ThaiBev တို့၏ လုပ်ငန်းလုပ်ကိုင်မှုများကို Justice for Myanmar က မေးခွန်းထုတ်ခဲ့ပြီး ထိုလုပ်ငန်းများသည် စစ်အုပ်စုထံ များပြားသည့် အခွန်ငွေများကို ပေးနေသည်ဟု ဆိုသည်။ မြန်မာတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများသည် နှစ်နှစ်ကြာပြီးနောက် ၎င်းတို့ မည်သို့ လုပ်ဆောင်သွားမည်လဲ ဆိုသည်ကို စဉ်းစားနေကြဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly