စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည့် ကမ္ဘာ့နေရာဒေသများတွင် မြန်မာ ပါဝင်ဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ

စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည့် ကမ္ဘာ့နေရာဒေသများတွင် မြန်မာ ပါဝင်ဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ

ကမ္ဘာပေါ်၌ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေ တိုးမြင့်လာဖွယ်ရာရှိသည့် နေရာဒေသများထဲတွင် မြန်မာ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ပါဝင်နေကြောင်း ကုလသမဂ္ဂ၏ အဆောတလျင် သတိပေးမှု အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။

ပိုမို နက်ရှိုင်းလာနေသော စီးပွားရေး ရှော့ခ် များက ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေအဆင့်ရှိ နိုင်ငံများကို အကျပ်အတည်းအောက် ပိုမိုနက်သည်ထက် နက်စေအောင် ဆက်လက် တွန်းပို့နေကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရာ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တစ်ခုကလည်း ကမ္ဘာတစ်ဝန်းရှိ ခုခံနိုင်စွမ်း အားနည်းသည့် နိုင်ငံများ၌ ရာသီဥတု လွန်ကဲပြင်းထန်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက် ရှိကြောင်း ၂၀၂၃ ၊ မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် FAO-WFP ၏ စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မလုံလောက်မှုဆိုင်ရာ သတိပေးချက် အစီရင်ခံစာတွင် ပြသသည်။

၂၀၂၃ ၊ ဇွန်လမှ နိုဝင်ဘာလအထိ စိုးရိမ်ဖွယ်ရာ ဆာလောင်ငတ်မွတ်မှုတို့ ပိုမိုဆိုးရွားလာနိုင်သည့် မြင့်မားသော အန္တရာယ်ရှိသည့် နေရာများတွင် လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းများကို ကယ်တင်ရန်အပြင် ဆာလောင်ငတ်မွတ်မှုနှင့် သေဆုံးမှုတို့ မဖြစ်အောင် ကြိုတင်တားဆီးရန် အရေးတကြီး လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်ချက် လိုအပ်လျက်ရှိသည်။

မြန်မာ အပါအဝင် နိုင်ငံ ၂၂ နိုင်ငံ ပါဝင်နေသည့် နယ်မြေဧရိယာ ၁၈ ခု အတွက် စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မဖူလုံမှုက အတိုင်းအတာနှင့် ပြင်းထန်မှုအပိုင်းတွင် တိုးမြင့်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ၏   စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) အရ သိရသည်။

စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှုအခြေအနေ ပိုမိုဆိုးရွားနိုင်သည့် နယ်မြေအများအပြားတွင် ကြီးထွားလာနေသော ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဖော်ပြပြီး စားနပ်ရိက္ခာ မလုံခြုံမှုအပေါ်တွင် တစ်ပြိုင်နက်တည်းနှင့် တစ်ချိန်တည်းဖြစ်ပေါ်သည့် ရှော့ခ်များ ရှိနေသည့် စိုးရိမ်စရာကောင်းသော ထပ်တိုး သက်ရောက်မှုကိုလည်း အလေးပေးထုတ်ဖော်သည်။ ပဋိပက္ခ၊ ရာသီဥတု လွန်ကဲပြင်းထန်မှုများနှင့် စီးပွားရေး ရှော့ခ်များက လူအစုအဖွဲ့များကို အကျပ်အတည်းအောက်သို့ ဆက်လက်တွန်းပို့လျက် ရှိသည်။

အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ တောင်ဆူဒန်နှင့် ယီမင်တို့သည် စားနပ်ရိက္ခာ မလုံခြုံမှုအတွက် စိုးရိမ်ရသည့် အမြင့်ဆုံးလယ်ဗယ်၌ ဆက်ရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဟေတီ၊ ဘာကီနာ ဖာဆို၊ မာလီနှင့် ဆူဒန်တို့သည်လည်း စိုးရိမ်ရသည့် အမြင့်ဆုံးလယ်ဗယ်များသို့ ရောက်ရှိခဲ့သည်။

အဆိုပါ နိုင်ငံများရှိ ပြည်သူများမှာ စိုးရိမ်ဖွယ် စားနပ်ရိက္ခာ မလုံခြုံမှုနှင့် ရင်ဆိုင်နေရပြီးဖြစ်သလို ကြီးလေးသော စိုးရိမ်စရာ အကြောင်းအချက်များနှင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့သည် ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် ရင်ဆိုင်ရဖွယ်ရှိခြင်း သို့မဟုတ် ကြီးမားလှသော အခြေအနေများဆီ ဦးတည်သည့် ယိုယွင်းဆိုးရွားသော အခြေအနေများနှင့် ကြုံရနိုင်သည့်အန္တရာယ်များ ရှိနေသည်။ ထိုနိုင်ငံများသည် အရေးတကြီး အာရုံစိုက်ခံရရန် လိုအပ်နေသည်။

ပါကစ္စတန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဆီးရီးယား အာရပ် သမ္မတနိုင်ငံတို့သည် အထူးတလည် စိုးရိမ်ရသည့် နိုင်ငံများအဖြစ် ပါဝင်နေသည်။ ထို့ပြင် ထိုသတိပေးချက်တွင် မြန်မာလည်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly