ရိုဟင်ဂျာများ နေရာပြန်လည်ချထားရေး စီစဉ်နေစဉ် ဘင်္ဂလားဒေ့ရှ်သို့ OIC အကြီးအကဲ လာရောက်

ရိုဟင်ဂျာများ နေရာပြန်လည်ချထားရေး စီစဉ်နေစဉ် ဘင်္ဂလားဒေ့ရှ်သို့ OIC အကြီးအကဲ လာရောက်

ဖိနှိပ်ခံ အသိုင်းအဝိုင်း၏ နေရေးထိုင်ရေး အခြေအနေများအား အကဲဖြတ်ရန် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းနယ်စပ် ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများဆီ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC ၏ အကြီးအကဲက တနင်္လာနေ့တွင် လာရောက်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး အစ္စလာမ္မစ်အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဟစ်စိန် ဘရာဟင် တာဟာသည် ကော့ဘဇားရှိ အူခီယာစခန်းမှ ရိုဟင်ဂျာဒုက္ခသည်များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး OIC အနေဖြင့် ဖိနှိပ်ခံ ရိုဟင်ဂျာများ၏ အကျိုးစီးပွားကို ကာကွယ်ရေးတွင် အမြဲတမ်း တက်ကြွမှုရှိကြောင်း ပြောဆိုသည်။

“ရိုဟင်ဂျာပြဿနာကို အမြဲတမ်း ဖြေရှင်းနိုင်မှုကို OIC က အလိုရှိပါတယ်၊ ရိုဟင်ဂျာတွေ ဘေးကင်းပြီး သိက္ခာရှိရှိနဲ့ တည်တံ့တဲ့ နေရပ်ပြန်မှုအတွက် သံတမန်လမ်းကြောင်းကနေ OIC ဟာ ဆောင်ရွက်နေပါတယ်”ဟု တွေ့ဆုံမှုအပြီး OIC အတွင်းရေးမှူးချုပ်၏ ပြောဆိုချက်ကို ကိုးကားကာ ရိုဟင်ဂျာအသိုက်အဝန်းခေါင်းဆောင် တိုဇီဘာ ရတ်ရှ်မန်းက ဌာနေမီဒီယာသို့ ပြောသည်။

ကမ္ဘာ့ထိပ်တန်းတရားရုံး နိုင်ငံတကာ တရားရေးရုံး ICJ ရှေ့မှောက် ဂမ်ဘီးယားနိုင်ငံ၏ မြန်မာစစ်တပ်အား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရာစွဲဆိုခြင်းကို OIC က ထောက်ခံနေကြောင်း တာဟာက ပြောသည်။

လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပြီး ရခိုင်တွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ICJ သို့ ဂမ်ဘီးယားနိုင်ငံက ၂၀၁၉ နိုဝင်ဘာတွင် အမှုတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ဩဂုတ် ၂၅ ရက်မှစကာ ရိုဟင်ဂျာ ၂၄,၀၀၀ နီးပါး မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းခံရကြောင်း အွန်တာရီယို နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ OIDA ၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ယခု တွေ့ဆုံမှုအတွင်း၌ ရိုဟင်ဂျာ အသိုင်းအဝိုင်း ခေါင်းဆောင်များသည် ၎င်းတို့၏ နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန် OIC အား တိုက်တွန်းပြီး ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၌ တာဝန်ရှိသူများကို အပြစ်ပေးနိုင်ရေး ဖော်ဆောင်ရန်လည်း တိုက်တွန်းကြသည်။

လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကော့ဘဇားက လူသူပြည့်သိပ်သော စခန်း ၃၃ ခုတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားသည်။ ၎င်းတို့သည် ၂၀၁၇ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာကြခြင်းဖြစ်ကာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly