ရိုဟင်ဂျာဒုက္ခသည်များကို ကျွေးမွေးနိုင်ရေး ကုလသမဂ္ဂအေဂျင်စီများ ရန်ပုံငွေ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

ရိုဟင်ဂျာဒုက္ခသည်များကို ကျွေးမွေးနိုင်ရေး ကုလသမဂ္ဂအေဂျင်စီများ ရန်ပုံငွေ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

ရိုဟင်ဂျာဒုက္ခသည်များကို ကျွေးမွေးနိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်၏ ဝန်ထုပ်ဝန်ပိုးကို ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်းက တာဝန်ခံရခြင်း မရှိသင့်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အိုလီဗီယာ ဒီ စချက်တာက ဘင်္ဂလားဒေ့ရှ်သို့ ၁၂ ရက်တာ ခရီးစဉ်အဆုံးတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းသည် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ခိုလှုံနေရာ စခန်းများသို့ သွားရောက်ခဲ့သည်။ ဒုက္ခသည်များအား ထောက်ပံ့ရေးအတွက် ရန်ပုံငွေအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုသည် “အလွန်အမင်း မလုံလောက်ကြောင်း” ၎င်းက ပြောထားသည်။

ဒုက္ခသည်များအတွက် ထောက်ပံ့ရမည့် တစ်နှစ်တာ လိုအပ်ချက်သည် အမေရိကန်ဒေါ်လာ ၈၇၆ သန်းခန့် ဖြစ်သော်လည်း လက်ရှိအထိ ထောက်ပံ့မှု ပြုထားသည်က ယင်း၏ ၁၇ ရာခိုင်နှုန်းသာ ရှိနေရာ “ကျော်မကောင်း ကြားမကောင်း နိုင်လှကြောင်း” ဘင်္ဂလားဒေ့ရှ် ဒါကာမြို့တော် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

“ဒုက္ခသည်တွေ ရောက်ရှိနေတဲ့ ဝန်ထုပ်ကို ဘင်္ဂလားဒေ့ရှ်ကပဲ ပုခုံးမထမ်းသင့်ဘူး၊ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ဒီ စချက်တာက ပြောသည်။

ဒုက္ခသည်တစ်ဦးစီလျှင် လစာစားနပ်ရိက္ခာနှုန်းထားအတွက် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာမှ ၁၀ ဒေါ်လာသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မေလအတွင်း လျှော့ချခဲ့ရကြောင်း၊ ဇွန် ၁ ရက်တွင် ရှစ်ဒေါ်လာသို့ ထပ်လျှော့ချလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုနှစ်မှာ စားနပ်ရိက္ခာဈေးနှုန်းတွေ ၈ ရာခိုင်နှုန်းလောက် မြင့်တက်တာကြောင့် ဒါဟာဆိုရင် ဒုက္ခသည်စခန်းက ကလေးငယ်တွေမှာ အာဟာရချို့တဲ့တာကို ပြသနေတာပဲ၊ အာဟာရချို့တဲ့မှု တိုးများလာမယ်၊ ကြီးထွားနှုန်း တန့်တာ မြင့်တက်လာမယ်၊ ကလေးငယ်တွေ ဖွံ့ဖြိုးနှုန်း အန္တရာယ် ရှိလာလိမ့်မှာ ဖြစ်တယ်”ဟု ဒီ စချက်တာက ပြောသည်။

ဗုဒ္ဓဘာသာ လူများစုတိုင်းပြည် မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ရသည့် မွတ်စလင် ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခွင့်အရေးများ ငြင်းဆန်ခံရပြီး စစ်တပ်၏ ဖြိုခွင်းမှုအတွင်း တိမ်းရှောင်ထွက်ပြေးကြရာမှ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် တစ်သန်းကျော်ထက်မနည်းကို ခိုလှုံခွင့် ပေးထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly