ထိုင်း စီးပွားရေး အပြည့်အဝ ပြန်နာလန်ထူလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေဟု ဆို

ထိုင်း စီးပွားရေး အပြည့်အဝ ပြန်နာလန်ထူလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေဟု ဆို

ကောင်းမွန်သည့် အခွန်ဘဏ္ဍာ ကောက်ခံရရှိမှုနှင့် ခရီးသွားလုပ်ငန်း ပုံမှန်ပြန်ဖြစ်လာခြင်းတို့နှင့်အတူ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အပြည့်အဝ ပြန်နာလန်ထူမှုဆီ ဦးတည်သည့် ခိုင်မာသော လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်နေပြီး ဒဏ်ခံနိုင်မှုကိုလည်း ပြသလျက် ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဖြစ်သူက မေလ ၂၉ ရက်တွင် ပြောသည်။

တချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှုနှုန်းက ယခုနှစ်တွင် ၃ ရာခိုင်နှုန်းအောက်တွင် ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် ထိုင်းစီးပွားရေးသည် နိုင်ငံ၏ အဓိကကျသော ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထမှုကြောင့် ယခုနှစ် ပထမသုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့သည်။

စီးပွားရေး ပြန်နာလန်ထူမှုကို ပြည့်စုံနှံ့စပ်ပြီး အချိန်ကိုက်ဖြစ်သည့် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး မူဝါဒများက အထောက်အကူပြုခဲ့ပြီး ထိုမူဝါဒများကို တက်ကြွထက်သန်စွာ၊ နှိုင်းချင့်မြော်မြင်စွာဖြင့် ဆက်လက် အကောင်အထည်ဖော်သင့်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး အာခွန်း တန်ပစ်တေယာပိုင်ဆစ်က ကမ္ဘာ့ဘဏ်ဖိုရမ်တစ်ခုကို ပြောသည်။

ငွေကြေးဖောင်းပွမှုက ယခုနှစ်တွင် ၃ ရာခိုင်နှုန်းအောက်တွင် ရှိလိမ့်မည်ဟု ခန့်မှန်းပြီး ယင်းက ဗဟိုဘဏ်၏ ရည်မှန်းနှုန်းထားဖြစ်သည့် ၁ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းအကြားတွင် ရှိသည်ဆိုသော်လည်း အတိုးနှုန်းများ တိုးမြှင့်ရန် လိုအပ်မှု လျော့ကျမည်လား ဆိုသည်ကို မိမိအနေဖြင့် ပြောနိုင်ခြင်း မရှိကြောင်း အာခွန်းက ပြောသည်။

“စွမ်းအင် ဈေးနှုန်းတွေနဲ့ ပတ်သက်လို့ မသေချာမရေရာမှုတွေက ရှိနေဆဲဖြစ်တယ်” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

ဗဟိုဘဏ်သည် မေလ ၃၁ ရက်တွင် ယင်း၏ အဓိကနှုန်းထားကို လေးပုံတစ်ပုံ ပွိုင့်ဖြင့် ၂ ဒသမ ၀ ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်ဖွယ် ရှိပြီး ၂၀၂၄ အထိ ယင်းအတိုင်း ဆက်ထိန်းထားဖွယ်ရှိကြောင်း ရိုက်တာစစ်တမ်းတစ်ခုက ပြသသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်တစ်ရပ်အရ ဧပြီလ စီးပွားရေးကို ခရီးသွားလုပ်ငန်း ပိုမိုအားကောင်းလာခြင်း၊ စိုက်ပျိုးမွေးမြူမှုဆိုင်ရာ ထုတ်လုပ်မှု မြင့်မားခြင်းနှင့် ငွေကြေးဖောင်းပွမှု ကျဆင်းခြင်းတို့က ထောက်ကူပေးခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ မတည်မငြိမ်ဖြစ်မှုကို ကြံ့ကြံ့ခံနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဖော်ပြသည်။

အခွန်ဘဏ္ဍာကောက်ခံရရှိမှုသည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် အားကောင်းသည့် ပြန်နာလန်ထူမှု လက္ခဏာများကို ပြသခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကပ်ရောဂါမတိုင်မီကာလ လယ်ဗယ်ကို ဖြတ်ကျော်ဖွယ် ရှိကြောင်း အာခွန်းက ပြောသည်။

“ထိုင်းနိုင်ငံဟာ အပြည့်အဝ ပြန်နာလန်ထူမှုဆီ အခိုင်အမာ ဦးတည်နေပြီး မကြာခင် အားမာန်အပြည့်နဲ့ စီးပွားရေးဆီ ပြန်ရောက်မယ်လို့ မိမိ အခိုင်အမာယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ပြီးနောက် ယခုနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly