ဝ အပါအဝင် လက်နက်ကိုင် ရဖွဲ့ အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးရန် ဆုံးဖြတ်

ဝ အပါအဝင် လက်နက်ကိုင် ရဖွဲ့ အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးရန် ဆုံးဖြတ်

ဝပြည်သွေးစည်းညီညွတ်ရေးပါတီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရေး ဆွေးနွေးရန် အပါအဝင် အချက် ၂ ချက်ကို သဘောတူ ဆုံးဖြတ်ချက်ခဲ့သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ဆန်းမှာ မတ်လ ၂၆ ရက် မှ ၂၈ ရက်ထိ သုံးရက်ကြာ ပြုလုပ်သော အစည်းအဝေးတွင် မျက်မှောက် ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြကာ တက်လာမည့် NLDအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့သည်ဟု မတ်လ ၂၈ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြပြီး နှစ်ဖက် တပ်များအကြား ချက်ချင်း အပစ်ခတ်ရပ်စဲရန်၊ နှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်း တောင်းဆိုခဲ့သည်။

“အကယ်၍ တဖက်က ပဋိ့ပက္ခ ဖြစ်ပွားအောင် ဆက်လက် ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည်”ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်လှုပ်ရှား တိုက်ခိုက်နေမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားပြီး ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အချက်အလက်ကောင်းများ ဖန်တီးသွားရန် သဘောတူခဲ့သည်ဟု ထုတ်ပြန်ထားသည်။

UWSP အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA)၊ ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)နှင့် ရက္ခိုင့်တပ်မတော်(AA)မှ ကိုယ်စားလှယ် ၃၄ ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အခြား အပစ်အခတ် မရပ်သေးသော မွန်ပြည်သစ်ပါတီ(MNSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အဖွဲ့တို့အား ဖိတ်ခေါ်ခြင်း မရှိဘဲ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
 
UWSA ဌာနချုပ် ပန်ဆန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း အစိုးရနှင့် NCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ခေါင်းဆောင်များ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် အပါအဝင် အချက် ၇ ချက် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags