လူကုန်ကူးသူများ၏ အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များ ကတိပြု

လူကုန်ကူးသူများ၏ အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များ ကတိပြု
Photo - AFP

 

အရှေ့တောင်အာရှဒေသတွင်၊ အထူးသဖြင့် ဒေသ၏ အဆင်းရဲဆုံးနိုင်ငံများတွင် ပျော့ကွက်အားနည်းချက်ရှိသော အလုပ်အကိုင်ရှာဖွေသူများအပေါ် လူကုန်ကူးသူများက ပစ်မှတ်ထား အနိုင်ကျင့်အမြတ်ထုတ်သည့် အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းသွားမည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များက မေလ ၁၀ ရက်တွင် ကတိပြုသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတစ်ခုအတွက် အင်ဒိုနီးရှားတွင် တွေ့ဆုံစဉ် ခေါင်းဆောင်များက လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဒေသတွင်း ချဉ်းကပ်ကြိုးပမ်းလုပ်ဆောင်ရန် တောင်းဆိုသည်။

လူကုန်ကူးသူများ၏ ဆိုက်ဘာ လိမ်လည်မှုများ၏ အန္တရာယ်နှင့်ပတ်သက်ပြီး အာဆီယံ၏ ပထမဆုံးကြေညာချက်ကို ခေါင်းဆောင်များက ထုတ်ပြန်ရာတွင် အရှေ့တောင်အာရှအပြင် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုကို လွယ်ကူချောမွေ့စေရန် နည်းပညာကို အလွဲသုံးစားလုပ်မှုများ မြင့်တက်နေကြောင်းနှင့် ဆိုရှယ်မီဒီယာနှင့် အခြားသော အွန်လိုင်း ပလက်ဖောင်းများကို တလွဲအသုံးပြုခြင်းမှတစ်ဆင့် တစ်ဟုန်းထိုး တိုးပွားလာကြောင်း မှတ်ချက်ပြုသည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာကဲ့သို့ နိုင်ငံများတွင် လစာကောင်းသော အလုပ်များ ရရှိမည်ဟု မက်လုံးပေးသည့် ဆိုရှယ်မီဒီယာ ပို့စ်များဖြင့် ဆွဲဆောင်သိမ်းသွင်းခြင်းခံရသော လူထောင်နှင့်ချီသည် ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းများတွင် ရုန်းမထွက်နိုင် ပိတ်လှောင်ခံကြသလို ဖြစ်စဉ်တချို့တွင် ၎င်းတို့သည် ထွက်ပေါက်မရှိ၊ ထိန်းသိမ်းခံရပြီး အွန်လိုင်းမှတစ်ဆင့် လူစိမ်းများကို လိမ်လည်လှည့်ဖြားရန် ခိုင်းစေခံကြရသည်။

ဆိုက်ဘာ လိမ်လည်မှုများတွင် ရုန်းမထွက်နိုင် ပိတ်လှောင်မိပြီး အလုပ်ခိုင်းစေခံရသူဦးရေသည် သိသိသာသာ မြင့်တက်ခဲ့ပြီး မကြာသေးသည့် ရက်များအတွင်းကပင် လူ ၁,၀၀၀ ကျော်ကို ပြန်လည်ကယ်ထုတ်ပေးခဲ့ရသည်။

ဆိုက်ဘာ လိမ်လည်မှု တစ်စိတ်တစ်ဒေသအဖြစ် မြန်မာသို့ လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးကို ပြန်ကယ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အလားတူ ပြီးခဲ့သည့် သီတင်းပတ်က ညပိုင်း စီးနင်းမှုများအတွင်း အာရှဒေသတစ်ဝန်းမှ လူ ၁,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ရှိ တာဝန်ရှိသူများက ပြောသည်။ လိမ်လည်လှည့်စားခံရသူများသည် ဒစ်ဂျစ်တယ်ငွေကြေး လိမ်လည်မှုများတွင် တစ်နေ့လျှင် ၁၈ နာရီအထိ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း ခံခဲ့ရကြောင်း ရဲများက ပြောသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အာဆီယံ၏ ကြိုးပမ်းမှုများတွင် စုံစမ်းစစ်ဆေးရန်၊ ဒေတာအချက်အလက်များ ကောက်ယူရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် ပူးတွဲလုပ်ဆောင်မှုများ လုပ်ဆောင်ရန် ဥပဒေစိုးမိုးရေး အေဂျင်စီများ၏ လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်း ပါဝင်မည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ကမ္ဘောဒီးယားသည် ဆိုက်ဘာအမှုအခင်း ဂိုဏ်းများအတွက် အချက်အချာနေရာတစ်ခုအဖြစ် ပေါ်ထွက်ခဲ့သော်လည်း ယေဘုယျအားဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ချိတ်ဆက်ပတ်သက်နေသည်ဟု အရပ်ဖက်လူမှုအဖွဲ့များ ပြောသည့် ကွန်ရက်များသည် နောက်ပိုင်းတွင် မြန်မာနှင့် လာအို ကဲ့သို့ နိုင်ငံများသို့ ချဲ့ထွင်ထားခဲ့သည်။

လူကုန်ကူးခံရပြီး ထိန်းသိမ်းပိတ်လှောင်ခံရသူများသည် မြန်မာနှင့် လာအိုရှိ အထူးစီးပွားရေးဇုန်များနှင့်  ကမ္ဘောဒီးယားရှိ အသွင်ပြောင်း ကာစီနိုရုံများရှိ ကြီးမားသော ခြံဝန်းများတွင် ထိန်းသိမ်းခြင်း ခံရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly