Miss Universe Myanmar 2017 အလှမယ် ရွေးချယ်ပွဲ အောက်တိုဘာလတွင် ပြုလုပ်မည်

Miss Universe Myanmar 2017 အလှမယ် ရွေးချယ်ပွဲ အောက်တိုဘာလတွင် ပြုလုပ်မည်

ရန်ကုန် ၊ မတ် ၂၆ ။             ။ Miss Universe Myanmar Organization မှ ၂၀၁၇ ခုနှစ် အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Miss Universe Myanmar 2017 အလှမယ် ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက် (သို့) ၈ ရက် တို့တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

Miss Universe Myanmar 2017 ပြိုင်ပွဲ အတွက် လက်ရှိတွင် မတ် ၁ရက်မှ သြဂုတ် ၆ရက် အထိ လျှောက်လွှာများ စတင် လက်ခံ နေပြီ ဖြစ်ပြီး သြဂုတ် ၁၇ရက်တွင် လူတွေ့ စစ်ဆေးပြီးဆန်ခါတင် ၆ ဦးမှ ၈ ဦးခန့် ရွေးချယ် သွားမည် ဖြစ်သည်။

ထိုပြိုင်ပွဲ အတွက် ရန်ကုန် အပြင် အောင်လံ၊ ပဲခူး၊ ထားဝယ်၊ ဖားကန့်၊ ကျိုင်းတုံ၊ လားရှိုး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ မိုးကုတ်၊ မုံရွာ၊ မြဝတီ၊ မြိတ်၊ မြစ်ကြီးနား၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပြင်ဦးလွင်၊ စစ်တွေ၊ တာချီလိတ်၊ တောင်ငူ နှင့် တောင်ကြီး စသည့် မြို့ကြီး (၂၄) မြို့တွင် အကြိုပြိုင်ပွဲများ ပြုလုပ်ပြီး ထိုမြို့များ၏ ကိုယ်စားပြု အလှမယ် များ ရွေးချယ်ရန် စီစဉ် ထားသည်။

မြို့ကြီးများမှ ကိုယ်စားပြု အလှမယ် ရွေးချယ်ကျင်းပ ပုံများကို Hello! Miss Universe TV Program အဖြစ် ဇွန် ၄ရက် မှ စက်တင်ဘာ ၂၅ရက် အထိ စနေ ၊ တနင်္ဂနွေနေ့ ည (ရး၀၀)နာရီမှ (၈း၀၀) နာရီအတွင်း Channel 9 တွင်ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့် ပြင်ဆင်ချိန် ပိုမို ရရှိစေရန် အတွက် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သည့်  Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

Miss Universe Myanmar 2015 အဖြစ် ရွေးချယ် ခံရသည့် အလှမယ် မေဘရဏီသော် သည် Miss Universe 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင် ပြီး ဖြစ်သလို Miss Universe Myanmar 2016 အဖြစ် ရွေးချယ်ခြင်း ခံထားရသည့် အလှမယ် ထက်ထက်ထွန်း ကတော့ မကြာမီ ကျင်းပ ပြုလုပ်မည့် Miss Universe 2016 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်။

Miss Universe Myanmar Organization သည် ၂၀၁၃ ခုနှစ်မှ စတင်ကာ Miss Universe Myanmar ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များအား Miss Universe ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင် စေခဲ့သည်။

Miss Universe Myanmar 2017 ပြိုင်ပွဲ အတွက် Official Media Partner များအဖြစ် Channel 9 ၊ Media 7 ၊ 7 Days Daily Newspaper နှင့် 7 Day Journal ၊ NOW Magazine တို့မှ ပူးပေါင်း ပါဝင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly