အာရှဒေသ၌ အပူချိန် ဆက်လက်မြင့်မားနေခြင်းက ကမ္ဘာကြီးအတွက် သတိပေးချက် ဖြစ်

အာရှဒေသ၌ အပူချိန် ဆက်လက်မြင့်မားနေခြင်းက ကမ္ဘာကြီးအတွက် သတိပေးချက် ဖြစ်
Photo - AFP

အာရှဒေသသည် အပူရှိန် အလွန်မြင့်သော အပူလှိုင်းတစ်ရပ်အောက်တွင် ဆက်ရှိနေပြီး ယခုနှစ် ၂၀၂၃ သည် ကမ္ဘာကြီး၏ အပူပြင်းဆုံးနှစ် ဖြစ်နိုင်သည် ဆိုသည့် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တို့၏ ဟောကိန်းခန့်မှန်းချက်များနှင့် တိုက်ဆိုင်နေသည်။

မြောက်ကမ္ဘာခြမ်း နွေရာသီ ရှေ့တွင် ဆိုးဝါးသော လက္ခဏာရပ်တစ်ခုအဖြစ် ပေါ်ထွက်လာသော အယ်လ်နီညို ရာသီဥတု ပုံစံတစ်ခုက အာရှတိုက်၏ တောင်ဘက်ပိုင်းဒေသများတွင် အပူချိန်ကို မကြုံစဖူး လယ်ဗယ်များသို့ တွန်းပို့လျက် ရှိသည်။

ဗီယက်နမ်တွင် ယခုသီတင်းပတ်ကုန်က ယင်း၏ စံချိန်တင် အမြင့်မားဆုံး အပူချိန် ၄၄ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်ကို တိုင်းတာမှတ်တမ်းတင်ခဲ့ခြင်းနှင့်အတူ ဓာတ်အား ပြတ်လပ်မှုဆိုင်ရာ သတိပေးချက်များကို ထွက်ပေါ်စေခဲ့သလို အလားတူပင် လာအိုတွင်လည်း အပူချိန်က စံချိန်မှတ်တမ်းများကို ချိုးဖျက်ရောက်ရှိဖွယ် ရှိနေသည်။

ဖိလစ်ပိုင်တွင်လည်း အပူရှိန် ညွှန်းကိန်းက “အန္တရာယ်” ဇုန်ကို ရောက်ရှိပြီးနောက် စာသင်ခန်း အတန်းချိန်နာရီများကို လျှော့ချခဲ့ရပြီး ဖြစ်နိုင်ခြေရှိ လူသေဆုံးစေသော အပူနှင့် အစိုဓာတ် ရောနှောမှုကို ထင်ဟပ်နေသည်။

ချစ်ချစ်တောက် ပူပြင်းသော အပူချိန်များမတိုင်ခင် ပြီးခဲ့သည့် မကြာသေးသော နှစ်များအတွင်း ပို၍ ပို၍ လွန်ကဲလာသော ရာသီဥတု ပုံစံတစ်ခုက ကမ္ဘာကြီးကို မကြုံရဖူးသေးသော နယ်နိမိတ်တစ်ခုထဲသို့ ပို့ဆောင်နေသည်။

COVID-19 ၏ ဒဏ်ရာဒဏ်ချက်များမှ ပြန်လည်နာလန်ထူနေရဆဲဖြစ်သော နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပေါ် အဓိက နှောင့်ယှက်ပျက်ပြားစေမှုများကို တားဆီးကာကွယ်ရန်နှင့် အများပြည်သူတို့၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်ရာ အစိုးရများ၏ လုပ်နိုင်စွမ်းအပေါ် ယခု ပူပြင်းအိုက်စပ်လှသော ရာသီဥတုအခြေအနေများက စမ်းသပ်နေသည်။

ပစိဖိတ်တစ်ခွင် ပိုမိုပူနွေးလာ‌သော သမုဒ္ဒရာ အပူချိန်များဖြင့် သွင်ပြင်လက္ခဏာဖော်ပြသည့် အယ်လ်နီညိုက လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု ပုံစံများအပေါ် သက်ရောက်မှုများ ရှိထားစေသည်။

ယင်းက အာဂျင်တီးနားနှင့် အမေရိကန်တောင်ပိုင်း၏ မိုးခေါင်မှုကြောင့် ပူပြင်းခြောက်သွေ့သော ဧရိယာများကို သက်သာရာရစေနိုင်သလို တစ်ချိန်တည်းမှာပင် အာရှဒေသ ဧရိယာများနှင့် ဩစတြေးလျတို့ကို ပိုမို ပူပြင်း၊ ခြောက်သွေ့သည့် ရာသီဥတု အခြေအနေများဖြင့် လွှမ်းခြုံနိုင်သည်။ အထူးသဖြင့် ကော်ဖီ၊ သကြား၊ ဆီအုန်းနှင့် ကိုကိုး သီးနှံများက ပျော့ကွက်ဖြစ်လိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ အပူချိန်များနှင့် ပတ်သက်ပါက ပြီးခဲ့သည့် သီတင်းပတ်တွင် နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသအများအပြားတွင် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်တွင် ဆက်ရှိနေပြီး ဓာတ်အားလိုအပ်ချက်ကို အမြင့်ဆုံး အတိုင်းအတာသို့ ရောက်ရှိစေသည်။

ဖြစ်နိုင်ခြေရှိ မိုးခေါင်မှုအခြေအနေတစ်ရပ်ကို ကိုင်တွယ်ရင်ဆိုင်ရန် စီမံချက် အစီအစဉ်တစ်ခုကို ပြင်ဆင်ရန်နှင့် အဆိုပါ မိုးခေါင်မှုက သုံးနှစ်ခန့်အထိ ကြာကောင်းကြာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ ပါဝင်သည့် အဖွဲ့တစ်ခုက အစိုးရကို တိုက်တွန်းသည်။

မလေးရှားတွင်လည်း အချို့ဧရိယာများတွင် မိုးရေချိန်က အများဆုံး ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းနိုင်ပြီး ယင်းက ကမ္ဘာ့အကြီးဆုံး ဆီအုန်း ထုတ်လုပ်သူနိုင်ငံတစ်နိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှုအပေါ် ထိခိုက်မှုများ ဖြစ်စေနိုင်သည်။

အာဏာပိုင်များသည် တောမီးများ လောင်ကျွမ်းမှုနှင့် လေထုညစ်ညမ်းမှုတို့ တစ်ကျော့ပြန်လာမှုကို နီးနီးကပ်ကပ် စောင့်ကြည့်လျက်ရှိသည်။ ၂၀၁၅ ခုနှစ် အယ်လ်နီညို ဖြစ်စဉ်တစ်ခုကြောင့် အထူးသဖြင့် မီးခိုးမြူဆိုင်ရာ ဆိုးဝါးသည့် ဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့ပြီး ယင်းက အရှေ့တောင်အာရှ၏ အဆိုးဆုံး သဘာဝဘေးဒုက္ခတစ်ခု ဖြစ်ခဲ့သည်။

အာရှ၏ အခြားနေရာများတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ချစ်ချစ်တောက်ပူသော အပူချိန်များက တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၏ နေရာဒေသတချို့တွင် လွှမ်းခြုံထားခဲ့သည်။

တရုတ် အနောက်တောင်ပိုင်းရှိ အလူမီနီယမ် အချက်အချာနေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ်သည် ပြီးခဲ့သည့်လက ဆယ်စုနှစ်တစ်စုအတွင်း အဆိုးဆုံးသော မိုးခေါင်မှုကို ခံစားခဲ့ရသည်။

အိန္ဒိယတွင်လည်း နောက်ထပ် အပူလှိုင်းများအတွက် သတိပေးချက် ထုတ်ထားသည်။ ပြီးခဲ့သည့် ဧပြီလက ပူပြင်းသော အပူချိန်များကြောင့် ယင်းနိုင်ငံ၏ ပြည်နယ်တချို့တွင် ကျောင်းများ ပိတ်ထားခဲ့ရသလို လူ ၁၁ ဦးထက်မနည်းလည်း ပွဲအခမ်းအနားတစ်ခု တက်ပြီးနောက် အပူဒဏ်ကြောင့် လေဖြတ်ပြီး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly