အိန္ဒိယ၊ မဏိပူရ်ပြည်နယ်တွင် လူမျိုးစု ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ ၅၄ ဦးအထိ ရှိလာ

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်တွင် လူမျိုးစု ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ ၅၄ ဦးအထိ ရှိလာ
Photo - AFP

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် လူမျိုးစုဆိုင်ရာ ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ယခုအခါ သေဆုံးသူဦးရေသည် ၅၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ဥပဒေအမိန့်အာဏာ ပြန်လည်စိုးမိုးစေရန် အာဏာပိုင်တို့က စစ်သားများကို တပ်ဖြန့်ချခဲ့သော်လည်း ပြင်းထန်ကြမ်းတမ်းသော ပဋိပက္ခများက ဆက်ရှိနေသည်။

လူမျိုးနွယ်စု အစုအဖွဲ့တစ်စု၏ ဆန္ဒပြချီတက်မှုတစ်ခုက မေ ၃ ရက်တွင် ပြင်းထန်သည့် အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့ပြီးနောက် မြန်မာနှင့် နယ်စပ်တစ်လျှောက်ရှိ မဏိပူရ်ပြည်နယ်သို့ ထောင်နှင့်ချီသော စစ်သားများကို အိန္ဒိယအာဏာပိုင်တို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအာဏာပိုင်တို့သည် ထိုဒေသတွင် အင်တာနက် ဖြတ်တောက်ထားသလို မငြိမ်မသက်မှုများကို ထိန်းသိမ်းရန် အားထုတ်မှုအဖြစ် “အလွန် ပြင်းထန်သည့် အခြေအနေမျိုးတွင် လုံခြုံရေးတာဝန်ရှိသူများကို ခြိမ်းခြောက်လာမည့် မည်သူ့ကိုမဆို ပစ်ခတ်ရန် အမိန့်” ကိုလည်း ထုတ်ပြန်ညွှန်ကြားထားသည်။

ပြည်နယ်၏ မြို့တော် အင်ဖာနှင့် တောင်ပိုင်း ချူရာချန်ပူရ် ခရိုင်တို့ရှိ ဆေးရုံ ရင်ခွဲရုံများသို့ သေဆုံးသူ ၅၄ ဦးအထိ ရောက်ရှိထားကြောင်း ထုတ်ဖော်ထားသည်ဟု Press Trust of India သတင်းအေဂျင်စီက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်များအတွင်း မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဝေးလံသော မဏိပူရ်ပြည်နယ်၏ နေရာဒေသများတွင် ပစ္စည်းလုယက်မှုများနှင့် မီးရှို့မှုများ ရှိခဲ့ကြောင်းနှင့် အိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ပြီး ကားတစ်ချို့ မီးရှို့ခံရကြောင်း မဏိပူရ် အစိုးရ၏လုံခြုံရေးအကြံပေး ခူလ်ဒီးပ် ဆင်းဂ်က ပြောသည်။

“လူ ၁၀၀ လောက် ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်” ဟု ၎င်းက ပြောသည်။

အစိုးရ၏ “အစီအစဉ် ရေးဆွဲသတ်မှတ်ထားသော မျိုးနွယ်စု” အမျိုးအစားအောက်တွင် ထည့်သွင်းပါဝင်နိုင်ရေး Meitei တိုင်းရင်းသားအစုအဖွဲ့က လှုပ်ရှားတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းတောင်းဆိုမှုကို အခြားသော အသိအမှတ်ပြုခံ မျိုးနွယ်စု အစုအဖွဲ့များက ဆန့်ကျင်ခဲ့ကြသည်။

အိန္ဒိယအာဏာပိုင်တို့သည် ယင်းကဲ့သို့ “အစီအစဉ် ရေးဆွဲထားသော မျိုးနွယ်စု” အမျိုးအစားအောက်ရှိ လူမျိုးနွယ်စုများကို အစိုးရအလုပ်နေရာတချို့၊ ကောလိပ်ဝင်ခွင့်များနှင့် ကျေးရွာကောင်စီများမှ ပါလီမန်အထိ ရွေးကောက်ခံထိုင်ခုံနေရာများကို သီးသန့်ဖယ်ကာ ခွဲတမ်းချပေးပြီး ယင်းက ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ တန်းတူညီမျှမှုမရှိခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ကိုင်တွယ်ဖြေရှင်းမည့် ခိုင်မာသော လုပ်ဆောင်ချက်ပုံစံတစ်ခုအဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly