အာရှနိုင်ငံများမှ လူကုန်ကူးခံရသူ ၁,၀၀၀ ကျော်ကို ဖိလစ်ပိုင် ကယ်တင်

By Alarabiya News 
06 May 2023
အာရှနိုင်ငံများမှ လူကုန်ကူးခံရသူ ၁,၀၀၀ ကျော်ကို ဖိလစ်ပိုင် ကယ်တင်
Photo - AFP

အွန်လိုင်းလိမ်လည်မှုများကို လုပ်ဆောင်ရန် ပိတ်လှောင်ထားကာ အတင်းအကျပ် စေခိုင်းခံရသည့် အာရှနိုင်ငံများမှ ဖိလစ်ပိုင်နိုင်ငံတွင်းသို့ လူကုန်ကူးခံရသူ ၁,၀၀၀ ကျော်ထက်မနည်းကို အာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောသည်။

ဒေသတွင်း၌ အင်တာနက် လိမ်လည်မှုများနှင့် ပတ်သက်ကာ မကြာသေးသော လများအတွက် နိုင်ငံတကာ သတိပေးလာခြင်းဖြစ်သည်။

မနီလာမြို့မှ မြောက်ပိုင်း ကီလိုမီတာ ၉၀ ခန့်က မာဘာလာကတ်မြို့ရှိ အဆောက်အအုံအချို့ကို ကြာသပတေးနေ့က တာဝန်ရှိသူများ စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဆိုင်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့မှ ပြောခွင့်ရ အမျိုးသမီး မီရှဲလ် ဆာဘီနိုက ပြောသည်။

အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရန် လူသစ်စုဆောင်းခံရသည့် လူပေါင်း ၁,၀၉၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသူများအား အမေရိကန်၊ ဥရောပနှင့် ကနေဒါတို့မှ လူများအား ပစ်မှတ်ထားကာ အွန်လိုင်းမှ လိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် စေခိုင်းနေခြင်း ဖြစ်သည်ဟု ဆာဘီနိုက ဆိုသည်။

၎င်းတို့၏ ပတ်စ်ပို့များကို သိမ်းဆည်းခံရပြီး လစာဖြတ်တောက်သည့်ကြားမှ တစ်နေ့လျှင် ၁၈ နာရီကြာ ခိုင်းစေနေခြင်း ဖြစ်သည်။

“သူတို့တွေဟာ သံတိုင်မရှိပေမယ့် အကျဉ်းသားတွေလို နေကြရတာပါ၊ အခန်းဖော်နဲ့တောင် စကားပြောတာမျိုး ခွင့်မပြုဘူး၊ ဒီလို လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတာမျိုး၊ နားချိန်ပိုသွားတာမျိုးတွေမှာ လစာ ဖြတ်တောက်တယ်”ဟု ဆာဘီနိုက အေအက်ဖ်ပီသို့ ပြောသည်။

“ဂိတ်စည်းရိုးရဲ့ အပြင်ကို သူတို့ကို ထွက်ခွင့်မပေးဘူး၊ ၁၈ နာရီ အလုပ်ဆင်းပြီးတာနဲ့ အဆောင်ကို ပြန်ပို့တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ လူကုန်ကူးခံရသူများသည် အများစုမှာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြောင်း ရဲက သီးခြားထုတ်ပြန်ချက်၌ ဆိုသည်။

ထိုပြင် မလေးရှား၊ ထိုင်း၊ ထိုင်ဝမ်၊ မြန်မာ၊ ဟောင်ကောင်နှင့် နီပေါတို့မှ လူများကိုလည်း အာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့သည်။

အဆိုပါ လူကုန်ကူးခံရသူများအား ဒီဂျစ်တယ်ငွေကြေးများ ဝယ်ယူရန် သူစိမ်းတရံများကို သွေးဆောင်ဖြားယောင်းတတ်အောင် သင်ကြားပေးပြီး အွန်လိုင်းလိမ်လည်မှုများကို စေခိုင်းနေခြင်း ဖြစ်သည်ဟု ဆာဘီနိုက ဆိုသည်။

“ကောင်းမွန်တဲ့ အနာဂတ် ရရှိစေမယ်လို့ ကတိပေးပြီး စေခိုင်းနေတာပါ၊ အိမ်တွေ၊ ကားတွေ ဝယ်နိုင်မယ်၊ စီးပွားရေးမှာ အတူရင်းနှီးမြုပ်နှံခွင့် ပြုမယ်ဆိုပြီး မက်လုံးပေးထားတာပါ”ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်မှုများအတွက် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးထားပြီး လူကုန်ကူးမှုဖြင့် စွဲဆိုမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly