ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အိန္ဒိယကို အမည်ပျက်စာရင်း သွင်းရန် အမေရိကန်ကော်မရှင် တောင်းဆို

ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အိန္ဒိယကို အမည်ပျက်စာရင်း သွင်းရန် အမေရိကန်ကော်မရှင် တောင်းဆို
Photo - EPA

 

ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အိန္ဒိယကို နာမည်ပျက်စာရင်း သွင်းရန် အမေရိကန် အစိုးရကော်မရှင်တစ်ခုက မေလ ၁ ရက်တွင် ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်သည်။ အိန္ဒိယ၌ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ လက်ထက်တွင် လူနည်းစုများအပေါ် ဆက်ဆံမှုများက ဆက်လက် ဆိုးရွားလာနေသည်ဟု ကော်မရှင်က ပြောသည်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်သည် အကြံပြုထောက်ခံချက်များကို ပေးပြီး မူဝါဒ သတ်မှတ်ခြင်းတော့ မရှိပေ။ အမေရိကန်၏ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယအပေါ်ထားသည့် ကော်မရှင်၏ သဘောထားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံမည့် အလားအလာ အနည်းငယ်သာ ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးတလည် စိုးရိမ်ရသည်ဟု ရှုမြင်သည့် နိုင်ငံများကို နှစ်စဉ်နှစ်တိုင်း စာရင်းပြုစု ထုတ်ပြန်သည်။ ပြုပြင်တိုးတက်မှု မရှိပါက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည့် အလားအလာ ရှိသည်။

လွတ်လပ်သော ကော်မရှင်ဖြစ်သည့် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်၏ အဖွဲ့ဝင်များကို သမ္မတနှင့် ကွန်ဂရက်လွတ်တော်ဆိုင်ရာ ပါတီခေါင်းဆောင်များက ခန့်အပ်တာဝန်ပေးသည်။ တရုတ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှားနှင့် ဆော်ဒီ အာရေးဗျ တို့ ပါဝင်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုနောက်ဆုံး ရွေးချယ်သတ်မှတ်မှုများကို ယင်းကော်မရှင်က ထောက်ခံခဲ့သည်။

သို့သော် အိန္ဒိယ ၊ နိုင်ဂျီရီးယားနှင့် ဗီယက်နမ် အပါအဝင် နိုင်ငံတချို့ကို စာရင်းတွင် ထပ်ပေါင်းထည့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကော်မရှင်က အကြံပြုခဲ့သည်။

တစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာတွင် အိန္ဒိယ၌ မွတ်စလင်များနှင့် ခရစ်ယာန်များကို ပစ်မှတ်ထားပြီး အဆောက်အအုံများ ဖျက်ဆီးခံရမှုနှင့် အကြမ်းဖက်မှုတို့ကို ထောက်ပြခဲ့သလို မိုဒီ၏ ဟိန္ဒူ အမျိုးသားရေး BJP ပါတီဝင်များ၏ ဆိုရှယ်မီဒီယာ ပို့စ်များ၊ မှတ်ချက်များကို ချိတ်ဆက်ဖော်ပြသည်။

“ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ဆက်လက် ပြဋ္ဌာန်းနေတာက လူအုပ်စုတွေနဲ့ ရပ်ရွာ အစုအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုဆိုင်ရာ ပျံ့နှံ့ဖြစ်ပေါ်နေတဲ့ လုပ်ဆောင်ချက်တွေအတွက် ပြစ်ဒဏ်ခတ်မခံရတဲ့ အလေ့အထကို အားပေးနေခဲ့တယ်” ဟု အစီရင်ခံစာတွင် ပြောသည်။

ယင်းသည် အိန္ဒိယနှင့်ပတ်သက်ပြီး အမေရိကန်ကော်မရှင်က လေးနှစ်ဆက်တိုက် အကြံပြုချက် ပြုလုပ်ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အိန္ဒိယကို အမျက်ဒေါသထွက်စေပြီး ကော်မရှင်သည် ဘက်လိုက်ကြောင်း နယူးဒေလီက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဧဝံဂေလိ အသင်းဝင် ခရစ်ယာန်များ၏ တောင်းဆိုမှုများနောက်ပိုင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် သမ္မတရာထူးတာဝန် နောက်ဆုံးအချိန်ကာလတွင် နိုင်ဂျီးရီးယားကို ခေတ္တခဏမျှ အမည်ပျက်စာရင်း သွင်းခဲ့သည်။ သို့သော် သမ္မတ ဘိုင်ဒင် အစိုးရလက်ထက်တွင် ယင်းကို ပြန်လည် ဖယ်ရှားခဲ့ပြီး အာဖရိက၏ လူဦးရေ အထူထပ်ဆုံး နိုင်ငံ၌ အကြမ်းဖက်မှုက ဘာသာရေး ဘက်လိုက်မှု သို့မဟုတ် အစိုးရက အားပေးကူညီမှု ရှိသည် ဆိုသည့် ပြောဆိုချက်များကို ပယ်ချခဲ့သည်။

တိုးတက်မှုများ ဖြစ်စေရန် လုပ်ဆောင်နိုင်ခြင်း မရှိပါက အမည်ပျက်စာရင်း သွင်းခံရနိုင်ခြေရှိသည့် စောင့်ကြည့်နိုင်ငံများစာရင်းတွင် အီဂျစ်၊ အင်ဒိုနီးရှားနှင့် တူရကီ အပါအဝင် အမေရိကန်၏ မိတ်ဖက်ပါတနာတချို့ကို ထပ်ပေါင်းထည့်ရန် ကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းအကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly