ထိုင်းရွေးကောက်ပွဲအတွက် လူထုသဘောထားစစ်တမ်းတွင် အဓိကအတိုက်အခံပါတီက ဦးဆောင်နေ

ထိုင်းရွေးကောက်ပွဲအတွက် လူထုသဘောထားစစ်တမ်းတွင် အဓိကအတိုက်အခံပါတီက ဦးဆောင်နေ
Photo - The Straits Times

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်၌ အကြိတ်အနယ် ယှဉ်ပြိုင်သွားမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ အဓိက အတိုက်အခံပါတီဖြစ်သည့် ဖျူထိုင်းပါတီက အဓိက ရေပန်းစားသည့် အခြေအနေတစ်ခုတွင် ရှိနေပြီး ယခုနောက်ဆုံး ထွက်ရှိလာသည့် လူထုသဘောထားစစ်တမ်းအရ ယင်းပါတီက ပြိုင်ဘက်နိုင်ငံရေးပါတီများအပေါ်တွင် သိသိသာသာ ဦးဆောင်ထားသည်ကို ပြသနေသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနှင့် ကာလရှည် ဆက်သွယ်နှီးနွယ်မှု ရှိသည့် ဖျူထိုင်းပါတီသည် နိုင်ငံတွင် သဘောထားစစ်တမ်းကောက်ခဲ့သော မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၁၆၂,၀၀၀ ခန့်၏ ၄၁ ဒသမ ၃၇ ရာခိုင်နှုန်း၏ ထောက်ခံမှုကို ရခဲ့ကြောင်း ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည့် Suan Dusit စစ်တမ်းအရ သိရသည်။ တစ်နိုင်ငံလုံးအနှံ့ လူထုသဘောထားစစ်တမ်းကို ဧပြီ ၁၀ နှင့် ၂၀ ရက်အကြား ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲလိုစိတ်အရှိဆုံး တိုးတက်သော မူဝါဒတချို့ကို အဆိုပြုသည့် Move Forward ပါတီက ထောက်ခံမှု ၁၉ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်သည်။ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ညီညွတ်သော ထိုင်းနိုင်ငံပါတီက ထောက်ခံမှု ၈ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိပြီး ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆုဝမ် ဦးဆောင်သည့် Palang Pracharath ပါတီက ထောက်ခံမှု ၇ ဒသမ ၄၉ ရာခိုင်နှုန်း ရခဲ့ကြောင်း စစ်တမ်းအရ သိရသည်။

ယခုရွေးကောက်ပွဲသည် အာဏာရ စစ်တပ် ကျောထောက်နောက်ခံပြု ညွန့်ပေါင်းအုပ်စု၏ ဩဇာရှိ ရှေးရိုးဝါဒီ လိုလားသော အစုအဖွဲ့များနှင့် အတိုက်အခံ ပါတီများ၏ ဒီမိုကရေစီလိုလားသော အစုအဖွဲ့တို့အကြား ပြိုင်ပွဲတစ်ခုဖြစ်မည်ဟု ပုံပေါ်လျက် ရှိသည်။

အဓိကပါတီများသည် နိုင်ငံ၏ မဲဆန္ဒရှင် ၅၂ သန်းကို ဆွဲဆောင်ရန် ကြွေးမြီ ပြန်ဆပ်ရမှုများ ဆိုင်းငံ့ပေးမည်၊ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည်နှင့် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်မည် ဆိုသည့် တူညီသော အစီအစဉ်များဖြင့် မဲဆွယ်လျက် ရှိသည်။

ထိုင်းဘာသာစကားဖြင့်ထုတ်သော သတင်းစာများဖြစ်သည့် Matichon နှင့် Daily News တို့က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည့် အခြားသော သဘောထားစစ်တမ်းတစ်ခုအရ Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်နေရာအတွက် အဓိက ရေပန်းစားပြီး ထောက်ခံမှု ၄၉ ဒသမ ၁၇ ရာခိုင်နှုန်း ရကြောင်း သိရသည်။ ၎င်း၏ နောက်တွင် ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းနှစ်ဦး ရှိနေပြီး သက်ဆင်၏ သမီးအငယ်ဆုံး မစ္စ ပေတောင်တန် ရှင်နာဝါထရာက ထောက်ခံမှု ၁၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ မစ္စတာ စရက်သာ သာဗစ်ဆင်က ၁၅ ဒသမ ၅၄ ရာခိုင်နှုန်းတို့ ရရှိထားသည်။

ယင်းစစ်တမ်းကို အွန်လိုင်းမှတစ်ဆင့် ကောက်ယူခဲ့ပြီး ရလဒ်များမှာ ဧပြီ ၂၂ နှင့် ၂၈ ရက်အကြား ဖြေဆိုသူ ၇၈,၀၀၀ ခန့်အပေါ်တွင် မူတည်ခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် မစ္စတာ ပရာယွတ်နှင့် မစ္စတာ ပရာဝစ်တို့၏ ရေပန်းစားမှုက အတိုက်အခံအုပ်စုမှ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းများ၏ နောက်မှာတွင်သာ ဆက်ရှိနေသည်။ သဘောထားစစ်တမ်းဖြေဆိုသူများ၏ ဖြေဆိုမှုအရ လက်ရှိ ဝန်ကြီးချုပ်မှာ ထောက်ခံမှု ၆ ဒသမ ၅၂ ရာခိုင်နှုန်း ရရှိပြီး မစ္စတာ ပရာဝစ်မှာ ထောက်ခံမှု ၂ ဒသမ ၃၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly