ဆက်ဆံရေး မြှင့်တင်ရန် ဖိလစ်ပိုင်ခေါင်းဆောင် အမေရိကန်သို့ သွားရောက်

ဆက်ဆံရေး မြှင့်တင်ရန် ဖိလစ်ပိုင်ခေါင်းဆောင် အမေရိကန်သို့ သွားရောက်
Photo - AFP

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဧပြီ ၃၀ ရက်က အမေရိကန်သို့ ခရီးစဉ် သွားရောက်သည်။ ဤမတိုင်မီက မဟာမိတ်များသည် ၎င်းတို့အကြား အကြီးတကာ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့်အတူ တောင်တရုတ်ပင်လယ်၌ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့သလို ဖိလစ်ပိုင်ရှိ အခြေစိုက်စခန်းများသို့ အမေရိကန်တပ်ဖွဲ့များ ဝင်ရောက်အသုံးပြုမှုကို ချဲ့ထွင်သည့် သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

မနီလာနှင့် ဝါရှင်တန်သည် ဖိလစ်ပိုင်၏ “မဟာဗျူဟာကျ ဧရိယာများ” ၌ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် မကြာသေးခင်က သဘောတူခဲ့ကြသည်။ ဒေသ၌ တရုတ်၏ မိမိကိုယ်ကိုယ် ယုံကြည်လွန်းမှု တိုးလာခြင်းနှင့် အငြင်းပွားရေပြင်များ၊ ကျွန်းငယ်များနှင့် ပင်လယ်ရေတိမ်များနှင့်ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း ထုတ်ဖော်မှုများကို တန်ပြန်ရန် ၎င်းတို့က ကြိုးစားနေသည်။

မကြာသေးခင်က ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောနှင့် တရုတ်ကမ်းခြေစောင့် သင်္ဘောတို့ တိုက်မိလုနီးနီး ဖြစ်ခဲ့ပြီးနောက် ပြိုင်ဆိုင်မှုပြင်းထန်သော တောင်တရုတ်ပင်လယ်၌ “ရန်စသော၊ ဘေးမကင်းသော လုပ်ဆောင်မှု” များကို ရပ်ဆိုင်းရန် အမေရိကန်က တရုတ်ကို တောင်းဆိုပြီးနောက် ယခု မားကို့စ်၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မားကို့စ်သည် ၎င်း၏ လေးရက်တာ ခရီးကို စတင်ထွက်ခွာခဲ့ပြီး မေလ ၁ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမည် ဖြစ်သည်။ ယခု ခရီးစဉ်က “မိမိတို့၏ အမျိုးသား အကျိုးစီးပွားကို တိုးမြှင့်ရန်နှင့် အလွန်အရေးပါသော မဟာမိတ်ဖွဲ့မှုကို မြှင့်တင်ရန် အရေးပါသည်” ဟု ဖိလစ်ပိုင်ခေါင်းဆောင်က ပြောသည်။

“အာရှ ပစိဖိတ်ဒေသ၌ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမှုအဖြစ်နှင့် ငြိမ်းချမ်းရေး နည်းလမ်းတစ်ခုအဖြစ် မိမိတို့၏ ကာလကြာ မဟာမိတ်ပြုမှုကို အားပေးမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည်” ဟု မားကို့စ်က ခရီးစဉ်အကြို ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ခရီးစဉ် မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်ခန့်က ဖိလစ်ပိုင် ကင်းလှည့်ရေယာဉ်တစ်စင်းနှင့် တရုတ်သင်္ဘောတစ်စင်းတို့ တိုက်မိလုနီးနီး ဖြစ်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက တရုတ်အပေါ် အပြင်းအထန် ဝေဖန်ခဲ့သည်။ ယင်းက အငြင်းပွား ရေလမ်းကြောင်း၌ ပေကျင်း၏ “နှောင့်ယှက် ဒုက္ခပေးမှုနှင့် ခြိမ်းခြောက်မှု” ကို သတိပေးနေကြောင်း ပြောသည်။

“ရန်စပြီး ဘေးမကင်းဖြစ်စေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန်းက ရပ်ဖို့ မိမိတို့အနေနဲ့ ပေကျင်းကို တောင်းဆိုတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ ဖိလစ်ပိုင် စစ်တပ်အပေါ် တိုက်ခိုက်မှု တစုံတရာ လုပ်ပါက အမေရိကန်က တုံ့ပြန်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အမေရိကန်-တရုတ် ဆက်ဆံရေးက ဆက်လက် အေးစက်နေစဉ် ဘိုင်ဒင်သည် အာရှမဟာမိတ်များနှင့် ဆက်ဆံမှုများကို မြှင့်တင်ရန်လုပ်ဆောင်လျက် ရှိသည်။

အဓိကကျသော ပင်လယ်ရေလမ်းကြောင်းများနှင့် ထိုင်ဝမ်တို့နှင့် ဖိလစ်ပိုင်၏ နီးကပ်မှုက မဟာဗျူဟာ အရေးပါမှုကို ပေးသည်။

ပေကျင်းသည် တောင်တရုတ်ပင်လယ် နယ်မြေတစ်ခုလုံးနီးပါးအပေါ် အချုပ်အချာအာဏာပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ဖြင့် ထိုပြောဆိုချက်က ဥပဒေ အခြေခံ မရှိဆိုသည့် နိုင်ငံတကာ ဆုံးဖြတ်ချက်တစ်ခုကို လျစ်လျူရှုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly