ဆွီဒင် ရေအားလျှပ်စစ်ကုမ္ပဏီ AFRY က မြန်မာနိုင်ငံမှ ထွက်ခွာ

ဆွီဒင် ရေအားလျှပ်စစ်ကုမ္ပဏီ AFRY က မြန်မာနိုင်ငံမှ ထွက်ခွာ

လူ့အခွင့်အရေး ဆိုးဝါးယိုယွင်းနေခြင်းကြောင့် မြန်မာနိုင်ငံတွင်းမှ ရေအားလျှပ်စစ် စီမံကိန်းများတွင် ပါဝင်နေခြင်းအား အဆုံးသတ်လျက်ရှိပြီဟု ဆွီဒင် AFRY ကုမ္ပဏီက ပြောသည်။ ယင်းကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်း ပါဝင်ပတ်သက်နေခြင်းကို Justice for Myanmar အဖွဲ့က ဝေဖန်ထုတ်ပြန်လာသည့်နောက်တွင် ယခုကဲ့သို့ ကြေညာလာခြင်းလည်း ဖြစ်သည်။

လူ့အခွင့်အရေး ယိုယွင်းဆိုးဝါးနေခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် အနုတ်သဘော ပြခြင်းများကြောင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ပါဝင်နေမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ကြောင်း AFRY ကုမ္ပဏီက မကြာသေးခင်က ထုတ်ပြန်သည်။

ကုလသမဂ္ဂ ၂၀၂၃ မတ်လအတွင်းက မြန်မာနိုင်ငံ၏ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့်နောက်၌လည်း AFRY ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းက ၎င်း၏ လုပ်ငန်းများကို ပြန်လည်အကဲဖြတ်နေကြောင်း ပြောထားဖူးသည်။ အဆိုပါ ကုလသမဂ္ဂ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ဆိုးဝါးနေပြီး ယင်းနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်ခြင်းများက လူ့အခွင့်အရေးကို အားပေးမြှင့်တင်ရာ ရောက်သင့်ကြောင်း မှတ်ချက်ပြု ဖော်ပြထားသည်။

AFRY ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ကျော်ပြီဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းအချို့တွင် လုပ်ကိုင်နေခြင်းဖြစ်ကာ နိုင်ငံတွင်း သန့်ရှင်းပြီး တည်မြဲသော စွမ်းအင်စနစ်သို့ အသွင်ကူးပြောင်းရေး အရှိန်မြှင့်တင်ရန် ရည်ရွယ်သည်။

ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ရည်မှန်းချက် နံပါတ် (၇) တွင် စိုက်ပျိုးရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကအဖြစ် သန့်ရှင်းပြီး တည်မြဲသော စွမ်းအင် ရရှိရေးကို ဖော်ပြထားသည်။

စွမ်းအင်ရရှိမှု ချို့တဲ့ခြင်းကြောင့် စီးပွားရေးနှင့် လူမှုဆက်ဆံရေးတွင် အခက်အခဲများ ဖြစ်စေည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ လျှပ်စစ်စွမ်းအင် မရရှိသေးဘဲ ရှိနေသည်။

လက်ရှိ၌ AFRY သည် မြန်မာနိုင်ငံက ရေအားလျှပ်စစ် စီမံကိန်း သုံးခုတွင် ပါဝင်နေခြင်းဖြစ်ကာ ယင်းအနက် စီမံကိန်းတစ်ခုမှာ လည်ပတ်နေပြီ ဖြစ်သည်။ အဆိုပါ စီမံကိန်း သဘောတူညီချက်များမှာလည်း ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာ မသိမ်းခင်က လက်မှတ်ထိုးထားခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မည်သည့် နောက်ထပ် သဘောတူညီချက်ကိုမျှ လက်မှတ်ရေးထိုးခြင်း မရှိကြောင်း AFRY ကုမ္ပဏီက ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly