ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ သားက ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ဖြစ်လာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ သားက ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ဖြစ်လာ
Photo - AFP

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ အကြီးဆုံးသားသည် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဆင့်သို့ တရားဝင် ရာထူးတိုးမြှင့်ခံရပြီး ဖခင်၏ အရိုက်အရာကို ဆက်ဆံမည့် ၎င်းအတွက် အစီအစဉ်များမှ နောက်ထပ် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

ဟွန်ဆန်သည် ဘုရင့်တိုင်းပြည် ကမ္ဘောဒီးယားအား အနာဂတ်၌ ဦးဆောင်ရန် သားဖြစ်သူ ဟွန်မာနက်ကို လူသိရှင်ကြား ကျောထောက်နောက်ခံ ပေးနေခြင်း ဖြစ်သည်။

ကြာသပတေးနေ့က ကျင်းပသော အကြီးတန်း တာဝန်ရှိသူ ၁,၀၀၀ ကျော်ထက်မနည်း တက်ရောက်သည့် အခမ်းအနားတစ်ခု၌ ဟွန်မာနက်က ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ရာထူးကို တရားဝင် လက်ခံခြင်း ဖြစ်သည်။

“နိုင်ငံတော်၊ တပ်မတော်နှင့် ကမ္ဘောဒီးယား ပြည်သူတို့အတွက် တာဝန်ထမ်းဆောင်သည့်” ၎င်း၏ ကြိုးစားအားထုတ်မှုများ၏ ရလဒ်အဖြစ် ဟွန်မာနက်က ရာထူးတိုးမြှင့်ခံရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး တီယာဘန့်ရှ်က ပြောသည်။

ဗြိတိန်နှင့် အမေရိကန်တို့တွင် ပညာသင်ကြားခဲ့သည့် ဟွန်မာနက်ကို အာဏာရပါတီက အနာဂတ်ဝန်ကြီးချုပ်အဖြစ် တရားဝင် ကျောထောက်နောက်ခံပြုနေခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးသောလများအတွင်း လူမှုမီဒီယာ၌ တက်ကြွလှုပ်ရှားမှုများကြောင့် လူပိုသိလာခဲ့သည်။

အသက် ၄၅ နှစ်ရှိ ဟွန်မာနက်သည် အကြီးတန်းနိုင်ငံရေးသမားများနှင့်အတူ သံတမန်အစည်းအဝေးများ ယခင်ကတည်းက ရှိထားသည်။

၂၀၂၂ အတွင်း၌ ၎င်းသည် ကမ္ဘာ့ခေါင်းဆောင်၊ လက်ထောက်ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးတို့နှင့် တွေ့ဆုံထားကာ ၂၀၁၉ ခုနှစ်က နှစ်ဦးနှင့်သာ တွေ့ဆုံခဲ့သည်နှင့် နှိုင်းယှဉ်နိုင်သည်။

ယခုနှစ် ဇူလိုင်လ၌ ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲ ကျင်းပသည့်အခါ ၎င်းသည် လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အေအက်ဖ်ပီက တွေ့မြင်ခဲ့ရသည့် ပါတီ၏ မှတ်တမ်းအရ သိရသည်။

နိုင်ငံကို နှစ်ပေါင်း ၃၈ နှစ်ကြာ အုပ်ချုပ်နေသည့် ဟွန်ဆန်က ရာထူးမှ အနားယူမည်ဟု အကြိမ်ကြိမ် စောင်းပါးရိပ်ခြည် ပြောဖူးသော်လည်း လာမည့်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောလာခဲ့သည်။

တရားရုံးချုပ်က အဓိက အတိုက်အခံပါတီ CNRP က တစ်နှစ်အလိုတွင် ဖျက်သိမ်းပြီးနောက် ၂၀၁၈ နောက်ဆုံး အထွေထွေရွေးကောက်ပွဲတွင် ဟွန်ဆန်၏ ပါတီသည် လွှတ်တော်နေရာ အားလုံးအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly