ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် ပြည်သူသန်းနှင့်ချီကာ ဆေးဝါးအကူအညီယူ

ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် ပြည်သူသန်းနှင့်ချီကာ ဆေးဝါးအကူအညီယူ
Photo - EPA

ထိုင်းနိုင်ငံ၏ ဒေသအချို့တွင် အဆိပ်ဖြစ်စေသော မီးခိုးမြူဖုံးလွှမ်းမှုကြောင့် ယခုနှစ်စမှစကာ လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သည့် ကျန်းမာရေးပြဿနာများအတွက် ပြည်သူပေါင်း ၂ ဒသမ ၄ သန်းသည် ဆေးရုံတွင် ကုသလမှုခံယူရန် ကြိုးစားကြကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ဘန်ကောက်နှင့် မြောက်ပိုင်း ချင်းမိုင်မြို့တို့သည် ကြာသပတေးနေ့ နံနက်ပိုင်း၌ ကမ္ဘာတွင် လေထုအညစ်ညမ်းဆုံး မြို့များတွင် ပါဝင်လာကြောင်း လေထုအရည်အသွေး စောင့်ကြည့်ရေး ကုမ္ပဏီ IQAir အရ သိရသည်။

ဆိုးဝါးသည့် လေထုအရည်အသွေးကြောင့် ယခုနှစ်စမှ စတင်ကာ ဆေးဝါးကုသမှု ခံယူရန် ကြိုးစားသူပေါင်း ၂ ဒသမ ၄ သန်းရှိပြီး ယခု သီတင်းတစ်ပတ်တည်းမှာတင် ဆေးရုံတက်ရောက်သူပေါင်း ၁၈၄,၄၆၅ ဦး ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်း အတွင်းဝန် အိုပက်စ် ကန်ကာဝင်ပေါင်က ပြောသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ၊ အရေပြားနီရောင်ယမ်းနာကျင်ခြင်း၊ မျက်စိရောင်ယမ်းခြင်းနှင့် လည်ချောင်းနာခြင်းများသည် အများဆုံး အဖြစ်များသည် ဆေးဘက်ဆိုင်ရာ ပြဿနာများဖြစ်ကြောင်း အိုပတ်စ်က ပြောသည်။

ပြည်သူများအနေဖြင့် အရည်အသွေးမြင့် N95 လေထုညစ်ညမ်းမှု ကာကွယ်ရေး နှာခေါင်းစည်းများကို အသုံးပြုရန်၊ ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားရန်နှင့် အပြင်သို့ အချိန်အနည်းဆုံးထွက်ရန်နှင့် အိမ်ထဲမှာပင် လေ့ကျင့်ခန်း လုပ်ကြရန် ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းထားသည်။

“ဒီနေ့ တော်တော်လေး မြူထိုင်းတယ်၊ ကျွန်တော် ချောင်းတဟွတ်ဟွတ် ဆိုးတော့တာပဲ”ဟု ဖေ့ဘုတ်သုံးစွဲသူတစ်ဦးက ရေးသည်။

“ကျွန်တော် လည်ချောင်းနာနေပြီ၊ ချောင်းလည်း အရမ်းဆိုးတယ်၊ COVID စစ်ဆေးစမ်းသပ်ပေမယ့် မဟုတ်ဘူး၊ ကြည့်ရတာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တာပဲ”ဟု ၎င်းက ရေးသားသည်။

တောမီးလောင်ခြင်းနှင့် တောင်ယာများ မီးရှို့ခြင်းတို့မှ မီးခိုးငွေ့များကြောင့် နိုင်ငံ၏ လေထုအတွင်း ညစ်ညမ်းမှု ဖြစ်ရကြောင်း ပညာရှင်များက ပြောသည်။

ထိုင်းနိုင်ငံသည် ပြည်သူ သန်း ၇၀ ကျော်ရှိပြီး နိုင်ငံ၏ မေ ၁၄ ရက် ရွေးကောက်ပွဲ မတိုင်မီ လေထုအရည်အသွေး ညံ့ဖျင်းမှုသည် အဓိက အကြောင်းရင်း ဖြစ်လာကာ ရှိဆဲ အစိုးရအနေဖြင့်လည်း ယင်းပြဿနာကို လုံလောက်စွာ ဖြေရှင်းခြင်း မရှိဟု စွပ်စွဲကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly