အမေရိကန် သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဆူဒန်ဗိုလ်ချုပ်ကြီးများကို ဘလင့်ကင် သတိပေး 

အမေရိကန် သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဆူဒန်ဗိုလ်ချုပ်ကြီးများကို ဘလင့်ကင် သတိပေး 
Photo - AFP

ဆူဒန်နိုင်ငံတွင် အမေရိကန်သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရသည့်နောက်၌ ခါသွမ်မြို့နှင့် အခြားနေရာများ၌ လေးရက်ကြာ တိုက်ပွဲ ဆင်နွှဲနေကြသော ပြိုင်ဖက် ဗိုလ်ချုပ်ကြီးများအား အမေရိကန်က စကားပြောဆိုပြီး တိုက်ပွဲများ ရပ်တန့်ရန်နှင့် အရပ်သားများနှင့် အခြားသူများကို ကာကွယ်ရန် ပြောဆိုသတိပေးသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က စစ်တပ်အကြီးအကဲနှင့် စင်ပြိုင်စစ်တပ် Rapid Response Forces (RSF) အကြီးအကဲတို့အား သီးခြားစီ ဖုန်းခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ RSF ၏ အာဏာလွန်ဆွဲမှုကြောင့် လူပေါင်း ၁၈၅ ဦး သေဆုံးရကာ အာဏာရှင်နှင့် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအပြီး အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာ ထောက်ခံသော သဘောတူညီချက်တစ်ရပ်လည်း နှောင့်နှေးလေးဖင့်လျက် ရှိနေသည်။ 

ဆူဒန်၏ မြို့တော်တွင် အင်္ဂါနေ့၌ လေးရက်မြောက်အဖြစ် သေနတ်သံများ ပဲ့တင်ထပ်နေပြီး စစ်လေယာဉ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရကြောင်း ရိုက်တာသတင်းထောက်တစ်ဦးက ပြောသည်။ ခါသွမ်၏ အမြွာမြို့ အွန်ဒါမန်းက နေထိုင်သူများကလည်း အဆောက်အအုံများကို တုန်ခါစေသော လေကြောင်းတိုက်ခိုက်မှုများနှင့် လေကြောင်းရန်ကာ ပစ်ခတ်မှုများ ရှိနေကြောင်း ပြောကြသည်။ 

ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန် သံတမန်ယာဉ်တန်းသည် RSF နှင့် ဆက်နွယ်သော တိုက်ခိုက်ရေးသမားများ၏ လက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုတစ်ရပ်၌ ပစ်ခတ်ခံရကြောင်း ဘလင့်ကင်က ပြောပြီး ထို ယာဉ်တန်းမှ လိုက်ပါသူအားလုံး ဘေးကင်းသည်ဟု ဖြည့်စွက်ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုသည် “အဆင်ခြင်တရားမဲ့” ပြီး အမေရိကန် သံတမန်များအပေါ် မည်သို့သော တိုက်ခိုက်မှု သို့မဟုတ် ခြိမ်းခြောက်မှုကိုမျှ လက်သင့်ခံမည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။ 

RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမတ် ဟမ်ဒန် ဒါဂါလိုနှင့် ဆူဒန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာတက်ရှ် အယ်လ် ဘာဟန်တို့ကို ဖုန်းပြောဆိုပြီး “ဆူဒန်ပြည်သူများ မိသားစုများ ပြန်လည်ပေါင်းစည်းရေးကို ခွင့်ပြုနိုင်ရန်” ၂၄ နာရီ အပစ်ရပ်ရေးနှင့် ကယ်ဆယ်ရေးများ ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း ဘလင့်ကင်က ဂျပန်တွင် ပြောဆိုသည်။ 

ဆူဒန်စစ်တပ်နှင့် RSF တို့ကြား တိုက်ပွဲများသည် စနေနေ့တွင် စတင်ဖြစ်ပွားပြီး လူပေါင်း ၁၈၅ ဦး သေဆုံးကာ ၁,၈၀၀ ကျော် ထိခိုက်ဒဏ်ရာ ရကြောင်း ကုလသမဂ္ဂ သံတမန် ဗိုကာ ပါသိစ်က တနင်္လာနေ့၌ ပြောသည်။ 

ဖုန်းခေါ်ဆိုမှုအတွင်း၌ ဘလင့်ကင်နှင့်အတူ “ဖိအားများသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း” နှင့် နောက်ထပ် ဖုန်းခေါ်ဆိုမှုများအတွက် စီစဉ်ခဲ့ကြောင်း တိုက်ပွဲစဖြစ်ချိန်မှစကာ မည်သည့်အရပ်တွင် ရှိကြောင်း မဖော်ပြသည့် RSF အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမတ် ဟမ်ဒန် ဒါဂါလိုက ပြောသည်။ 

RSF အနေဖြင့် ၂၄ နာရီ ယာယီ စစ်ပြေငြိမ်းရေးကို အတည်ပြုခဲ့သည်ဟုလည်း ၎င်းက တွစ်တာတွင် ပို့စ်တင်သည်။ “ပြည်သူများ၏ အခွင့်အလမ်းများ” ပြန်လည် ရရှိရေးအတွက် စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်းလည်း RSF က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ရက်များ၌ နှစ်ဖက်စလုံးက အပစ်ရပ် ကမ်းလှမ်းခဲ့ကြသော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly