တရုတ်က လေကြောင်းလေ့ကျင့်မှုပြုလုပ်ရန် ထိုင်ဝမ်မြောက်ပိုင်းတွင်  လေယာဉ်မပျံသန်းရဇုန်အဖြစ် ၃ ရက် သတ်မှတ်မည်

တရုတ်က လေကြောင်းလေ့ကျင့်မှုပြုလုပ်ရန် ထိုင်ဝမ်မြောက်ပိုင်းတွင်  လေယာဉ်မပျံသန်းရဇုန်အဖြစ် ၃ ရက် သတ်မှတ်မည်

တရုတ်သည် ထိုင်ဝမ်အနီးတွင် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် လာမည့်သီတင်းပတ်၌ ထိုင်ဝမ်၏ မြောက်ဘက်တွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်သွားမည်ဟု အကြောင်းကြားခဲ့ကြောင်း ထိုင်ဝမ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။  

လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ချိန်သည် ဧပြီ ၁၆ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး တစ်ရက်လျှင် ၅ နာရီ ကြာမြင့်မည်ဟု တရုတ်က ဆိုသည်။ ထိုသတ်မှတ်ချက်အပေါ် ထိုင်ဝမ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စောဒကတက်ပြီးနောက် တရုတ်က ဧပြီ ၁၆ ရက်တွင်သာ အချိန်နာရီဝက် လျှော့ချပေးခဲ့သည်။

လေကြောင်းပိုင်နက်ပိတ်ဆို့ခြင်းသည် ကျိုကြောင်းဆီလျော်မှုမရှိကြောင်းနှင့် မလိုအပ်လားအပ်သော ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ထိုင်ဝမ်က သတိပေးခဲ့သည်။

တရုတ်သည် ထိုင်ဝမ်မြောက်ဘက် ပင်လယ်ပြင်အထက် ဝေဟင်ကို ပိတ်ဆို့ရန် ရည်ရွယ်ထားပြီး ဂြိုဟ်တုလွှတ်တင်မှုကိုလည်း လုပ်ဆောင်နိုင်ကြောင်းနှင့် တရုတ်၏ လေကြောင်းလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးအရာရှိများက ပြောသည်။

ထိုင်ဝမ်နှင့်တရုတ်အကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ်တွင် ဧပြီ ၁၀ ရက် မနက် ၆ နာရီမှ ဧပြီ ၁၁ ရက်အကြား တရုတ်စစ်တပ်မှ လေယာဉ် ၉၁ စင်းနှင့် စစ်သင်္ဘော ၁၂ စင်းကို ခြေရာခံမိကြောင်း ထိုင်ဝမ်က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၎င်းအနက် လေယာဉ် ၅၄ စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ကာ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်နှင့် အရှေ့တောင်ဘက်သို့ ဝင်ရောက်ခဲ့သည်။

တရုတ်သည် ကျည်အစစ်များဖြင့် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားသော်လည်း ဧပြီ ၁၁ ရက်က တရုတ်ရေယာဉ် ၈ စင်းသည် ထိုင်ဝမ်ဝန်းကျင် ရေပိုင်နက်တွင် ခုတ်မောင်းဆဲဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့များက အခြေအနေကို စောင့်ကြည့်နေပြီး အရေးကြုံပါက တုံ့ပြန်ရန် ကင်းလှည့်လေယာဉ်၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များကို အသင့်ပြင်ထားသည်ဟု ဆိုသည်။

တရုတ်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများသည် သီတင်းပတ်ကုန်က ထိုင်ဝမ်အပေါ် ပုံစံတူတိုက်ခိုက်မှု စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တရုတ်၏လုပ်ရပ်များအပေါ် ထိုင်ဝမ်က ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ဧပြီ ၁၀ ရက်ပြုလုပ်သည့် တရုတ်၏စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ် မတ်ဆုကျွန်းစုများတောင်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀) အကွာရှိ တရုတ်၏ ဖူကျန့်ပြည်နယ်ကမ်းရိုးတန်းအလွန်တွင် ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှုများ ပါဝင်သည်ဟု မျှော်လင့်ရကြောင်း Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီနှင့် တွေ့ဆုံပြီးနောက် တရုတ်က Joint Sword ခေါ် ၃ ရက်တာစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required