တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တာဝန်မဲ့သောလုပ်ရပ်ဟု ထိုင်ဝမ်သမ္မတ ပြစ်တင်ဝေဖန် 

တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တာဝန်မဲ့သောလုပ်ရပ်ဟု ထိုင်ဝမ်သမ္မတ ပြစ်တင်ဝေဖန် 

တရုတ်၏စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်နှင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံကြီးတစ်ခုအနေဖြင့် တာဝန်မဲ့သောလုပ်ရပ်များဖြစ်ကြောင်း ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်၏ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က သူမ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားလိုက်သည်။ 

စိုင်အင်ဝမ်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီနှင့် လော့စ်အိန်ဂျလိစ်မြို့တွင် တွေ့ဆုံကာ ထိုင်ဝမ်သို့ ပြန်လာပြီးနောက် တရုတ်က ဧပြီ  ၈ ရက်တွင် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်သို့ မသွားရောက်ရန်နှင့် မက်ကာသီနှင့်မတွေ့ဆုံရန် စိုင်ကို သတိပေးခဲ့သော တရုတ်သည် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်း၏လက်အောက်သို့ ပြန်ရောက်ရှိရေး အင်အားသုံးမည့်အကြံအစည်ကို မည့်သည့်အခါမျှ မစွန့်လွှတ်ပေ။ ထိုင်ဝမ်အစိုးရက တရုတ်၏ တောင်းဆိုချက်များကို အပြင်းအထန် ငြင်းပယ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများကို အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။ 

“မိမိဟာ သမ္မတတစ်ယောက်အနေနဲ့ နိုင်ငံကို ကိုယ်စားပြုသူဖြစ်ပါတယ်။ အမေရိကန်မှာ တစ်ထောက်နားတာ အပါအဝင် မိမိရဲ့နိုင်ငံခြားခရီးစဉ်တွေဟာ အသစ်အဆန်းမဟုတ်သလို ဒါဟာ ထိုင်ဝမ်ပြည်သူတွေ မျှော်လင့်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။  

“ဒါပေမယ့် တရုတ်ဟာ ခရီးစဉ်ကို အကြောင်းပြကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးတော့ ထိုင်ဝမ်နဲ့ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ တာဝန်သိတဲ့ အပြုအမူမဟုတ်ပါဘူး” ဟု စိုင်အင်ဝမ်က ဧပြီ ၁၀ ရက် ညသန်းခေါင်မတိုင်မီ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ 

တရုတ်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ကို ပိတ်ဆို့ကာ ပစ်မှတ်အတိအကျထားသည့် သဏ္ဍန်တူတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သလို တိုက်လေယာဉ်များနှင့်ဗုံးကြဲလေယာဉ်များလည်း စေလွှတ်ခဲ့သည်။ 

တရုတ်စစ်လေယာဉ် ၉၁ စင်းသည် ထိုင်ဝမ်အနီးတွင် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်တွင် ပြောသည်။ ယင်းဖြစ်ရပ်ကို စံချိန်တင်ပျံသန်းမှုအဖြစ် ထိုင်ဝမ်တရားဝင်သတင်းဌာနက ဖော်ပြခဲ့သည်။ 

ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကမ်းရိုးတန်းစောင့်တပ်များသည် တည်တည်ငြိမ်ငြိမ်နှင့် ပညာသားပါပါ တုံ့ပြန်ခဲ့ကြောင်းနှင့် ပါဝင်ပတ်သက်သူအားလုံးကို ကျေးဇူးတင်ကြောင်း စိုင်က ပြောကြားခဲ့သည်။ 

"တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်စစ်တပ်နဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ကတော့ သူတို့ရဲ့ တာဝန်အရ နိုင်ငံကို ဆက်ကာကွယ်ပေးသွားမှာပါ" ဟု စိုင်အင်ဝမ်က ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly