လိမ်လည်မှုဖြင့် ဂျပန်နိုင်ငံသား ၁၉ ဦးကို ကမ္ဘောဒီးယားက နယ်နှင် 

လိမ်လည်မှုဖြင့် ဂျပန်နိုင်ငံသား ၁၉ ဦးကို ကမ္ဘောဒီးယားက နယ်နှင် 

ကမ္ဘောဒီးယားနိုင်ငံတွင် ဂျပန်နိုင်ငံသား ၁၉ ဦးအား ယာကူဇာဂိုဏ်းနှင့် ပတ်သက်မှုနှင့် ရာဇဝတ်မှုများတွင် ပါဝင်ရန် အတင်းအကျပ် ခိုင်းစေခြင်းတို့အပါအဝင် သံသယရှိရသည့် လိမ်လည်မှု အသေးစိတ် ထွက်ပေါ်လာပြီးနောက်၌ ဧပြီ ၁၁ ရက်တွင် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

အဆိုပါ လိမ်လည်မှု သံသယရှိသူများကို ဂျပန်သို့ ပြန်လာသည့် လေယာဉ်ခရီးစဉ်အတွင်း ဖမ်းဆီးရန် ဂျပန် မြို့ပြရဲဌာန တာဝန်ရှိသူများက မျှော်လင့်ထားသည်။ 

ကမ္ဘောဒီးယားက ဟိုတယ်တစ်ခု၌ အခြေစိုက်သော ယင်း လူလိမ်ဂိုဏ်းသည် ဂျပန်နိုင်ငံက လူများကို ဖုန်းဖြင့် လိမ်လည်မှုများ ဒါဇင်များစွာ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ 

တိုကျိုတွင် ဇန်နဝါရီ ၂၄ ရက်က လူလိမ်ခံရသော အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်ပြီး အဆိုပါ ၁၉ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း စုံစမ်းရေးသတင်းရင်းမြစ်က ပြောသည်။ 

အဆိုပါ အမျိုးသမီးထံ လိမ်လည်သူများက မက်ဆေ့ချ်ပို့ပြီး တစ်ဦးက ဖုန်းအော်ပရေတာ NTT Docomo မှ ကိုယ်စားလှယ်လို ဟန်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ 

မက်ဆေ့ချ်မှ ဖုန်းနံပါတ်အား အမျိုးသမီးက ခေါ်ယူရာတွင် အခပေးဝက်ဘ်ဆိုက်အတွက် ကြွေးကျန်ရှိကြောင်း ပြောဆိုခံရကာ ယန်း ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ) တန်ဖိုးရှိ အီလက်ထရောနစ်ပိုက်ဆံ လွှဲပို့ပေးရန် လိမ်လည်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်ဟန်ရှိသော လူတစ်ဦးထံမှ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ကမ္ဘောဒီးယားရှိ ဂျပန်သံရုံးမှ ရရှိပြီးနောက် ဇန်နဝါရီလအတွင်း ယင်းဂိုဏ်းကို ခြေရာခံလိုက်နိုင်ခြင်း ဖြစ်သည်။ 

“ကျွန်တော်ကို လိမ်လည်မှု အတင်းကျူးလွန်ခိုင်းနေပါတယ်၊ ဒီ ဟိုတယ်ကနေလည်း ထွက်မရပါဘူး”ဟု ဖုန်းခေါ်ဆိုမှုတွင် ပြောထားခြင်း ဖြစ်သည်။ 

ယင်း သတင်းပေးမှုကို အခြေတည်ပြီး ကမ္ဘောဒီးယားအာဏာပိုင်များသည် အသက် ၂၅ နှစ်မှ ၅၅ နှစ်ရှိ ဂျပန်နိုင်ငံသား ၁၉ ဦးကို ဇန်နဝါရီနှောင်းပိုင်း၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ထို သံသယရှိသူအချို့သည် ဂျပန်နိုင်ငံက ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေပြီး အချို့မှာ လိမ်လည်မှုမှ ရရှိငွေကို ယာကူဇာများအား ထောက်ပံ့နေခြင်းဖြစ်သည်ဟု ရဲက ယူဆထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly