အိန္ဒိယတွင် ကျားကောင်ရေ တိုးပွားပြီး ကောင်ရေ ၃,၀၀၀ ကျော်အထိ ရှိလာ

အိန္ဒိယတွင် ကျားကောင်ရေ တိုးပွားပြီး ကောင်ရေ ၃,၀၀၀ ကျော်အထိ ရှိလာ

အိန္ဒိယတွင် ကျားကောင်ရေ တိုးပွားလာပြီး ယခုအခါ ကောင်ရေ ၃,၀၀၀ အထက်သို့ ရောက်လာကြောင်း ဧပြီ ၉ ရက်တွင် ထုတ်ပြန်သည့် စာရင်းတစ်ခုအရ သိရပြီး ယင်းသည် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် တိရစ္ဆာန်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်သည့် ကြိုးပမ်းမှုများကို အားတက်စေခဲ့သည်။

လက်ရှိအချိန်အထိ ကမ္ဘာ့ကျားကောင်ရေ စုစုပေါင်း၏ အများစုသည် အိန္ဒိယတွင် ရှိနေသည်။

ကျားများသည် တစ်ချိန်တစ်ခါက မြန်မာအပါအဝင် အာရှ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ကျင်လည်ကျက်စားခဲ့သည်။

သို့သော် ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်း ကျားများသည် ၎င်းတို့၏ သမိုင်းဝင် စားကျက်မြေများ၏ ၉၃ ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်တွင် နိုင်ငံ ၁၃ ခုတွင်သာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် ရှင်သန်ကျက်စားနေရကြောင်း သဘာဝတရား ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာ သမဂ္ဂ (IUCN) အရ သိရသည်။

အိန္ဒိယ၏ ကျားကောင်ရေ စာရင်း ကောက်ယူမှုအရ နိုင်ငံတစ်ဝန်း ကျားကောင်ရေ ၃,၁၆၇ ကောင်ခန့် ရှိသည်ဟု ခန့်မှန်းထားသည် ဖြစ်သည့်အတွက် ယခင်အလားတူ စာရင်းကောက်ယူမှု၏ ကောင်ရေ ၂,၉၆၇ ကောင်ထက် ပိုများနေသည်။

ကျားကောင်ရေ စာရင်း ကောက်ယူမှုကို လေးနှစ်တစ်ကြိမ် ပြုလုပ်ပြီး တစ်ကောင်ချင်းစီကို သီးခြားစီ ခွဲခြားဖော်ထုတ်ရန် ကင်မရာထောင်ချောက်များ၊ ကွန်ပြူတာပရိုဂရမ်များ အသုံးပြုလုပ်ဆောင်သည်။

အဆိုပါကာလတာအတွင်း ကောင်ရေ တိုးမှုနှုန်းက ခုနစ်ရာခိုင်နှုန်းအောက်ကို နှေးကွေးခဲ့ပြီး အစောပိုင်းလေးနှစ်က ၃၀ ရာခိုင်နှုန်းကျော်နှင့်ယှဉ်ပါက ကျဆင်းနေသည်။

သို့သော် ယခုကိန်းဂဏန်းသစ်က “ဂုဏ်ယူစရာ အခိုက်အတန့်” ဖြစ်သည်ဟု ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြောသည်။

“မိမိတို့ရဲ့ ကျားမိသားစုက တိုးလာနေပါတယ်” ဟု မိုဒီက နိုင်ငံတောင်ပိုင်း မိုင်ဆူရူမြို့ အခမ်းအနားတစ်ခုတွင် ပြောသည်။ “ဒါက အိန္ဒိယအတွက်တင်မကဘဲ တစ်ကမ္ဘာလုံးအတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ”

သစ်တောပြုန်းမှု၊ အခွင့်မရှိဘဲ တိရစ္ဆာန် ခိုးဖမ်းမှုနှင့် တိရစ္ဆာန်တို့၏ ကျက်စားရာနေရာများကို လူသားတို့ ချဉ်းနင်းကျူးကျော်မှုတို့ကြောင့် အာရှတစ်ခွင်တွင် ကျားကောင်ရေအပေါ် ထိခိုက်စေခဲ့သည်။ သို့သော် အိန္ဒိယအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံ၏ ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အထတို့ကြောင့် ကျားကောင်ရေကို တိုးပွားအောင် လုပ်ထားနိုင်ကြောင်း မိုဒီက ပြောသည်။

လက်ရှိ ကမ္ဘာ့ ကျားကောင်ရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် အိန္ဒိယတွင် ရှိနေပြီး အိန္ဒိယသည် ကမ္ဘာတွင် အကြီးဆုံးသော ကျား စားကျက်မြေ နိုင်ငံ ဖြစ်ကြောင်း မိုဒီက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly