ဖိလစ်ပိုင်မြို့တော်အနီး မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင်မြို့တော်အနီး မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာအနီးတွင် ဧပြီ ၈ ရက် ညပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားမှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူ ခုနစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မနီလာမြို့၏ အရှေ့တောင်ဘက်ရှိ လူနေထူထပ်သော တေတေး အရပ်တွင် ဖြစ်ပွားသည့် အဆိုပါ မီးလောင်မှုတွင် နေအိမ်အလုံး ၄၀ မီးထဲပါသွားကြောင်း ရဲများက ဧပြီ ၉ ရက်တွင် ပြောသည်။

ရှည်လျားကျဉ်းမြောင်းသည့် လမ်းကြားတစ်ခုမှတဆင့်သာ သွားရောက်နိုင်သည့် အိမ်တစ်လုံးတွင် နေထိုင်သော မိသားစုတချို့ မီးလောင်မှုအတွင်း ပိတ်မိခဲ့ကြောင်း ရဲများက ပြောသည်။

သေဆုံးသူများထဲတွင် အသက် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၁၂ နှစ်ရှိ ယောကျ်ားလေးတစ်ဦးတို့လည်း ပါဝင်သည်။

“သူတို့တွေ မလွတ်မြောက်နိုင်ဘဲ ပိတ်မိသွားတာပါ” ဟု တေတေးအရပ်၏ ခေတ္တရဲတပ်ဖွဲ့အကြီးအကဲ ဂျိုးလ် ကက်စ်တူဒီယိုက အေအက်ဖ်ပီကို ပြောသည်။

“သူတို့ကို တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားလျက်သားနဲ့ ပြန်တွေ့ရတယ်”
မီးလောင်မှုတွင် ပြုတ်ကျလာသော အပျက်အစီးများကြောင့် လူတစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲများက ပြောသည်။

မီးလောင်မှုကြောင့် မိသားစု ၆၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ရဲများက ပြောသည်။

အဆိုပါ မီးလောင်မှုကို နှစ်နာရီခန့် အချိန်ယူ ငြှိမ်းသတ်ပြီးမှ မီးငြိမ်းသွားခဲ့ကြောင်း ကက်စ်တူဒီယိုက ပြောသည်။ မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းက အိမ်တစ်အိမ်တွင် လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ယူဆထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required