ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ၅ ပုံ ၁ ပုံခန့် ကျဆင်းဟု ကုလ ပြော

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ၅ ပုံ ၁ ပုံခန့် ကျဆင်းဟု ကုလ ပြော

 

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည် ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် ဈေးနှုန်းများ တစ်လတာ စံချိန်တင် မြင့်တက်ခဲ့သည့် ယမန်နှစ်၏ မတ်လအချိန်ကာလနှင့် ယှဉ်ပါက ငါးပုံတစ်ပုံခန့် ကျဆင်းခဲ့သည် ဆိုသော်လည်း ဈေးနှုန်းများက ဆက်လက်ဈေးကြီးနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ဧပြီ ၇ ရက် ဒေတာအချက်အလက်များက ပြသသည်။

စားနပ်ရိက္ခာဈေးနှုန်းများသည် ၁၂ လ ဆက်တိုက် ကျဆင်းမှုဖြစ်ပြီးနောက် ယမန်နှစ် မတ်လနောက်ပိုင်း ၂၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောသည်။

သို့သော် စားနပ်ရိက္ခာ ကုန်အမျိုးမျိုး၏ နိုင်ငံတကာ ဈေးနှုန်းများဆိုင်ရာ လစဉ် ပြောင်းလဲမှုများကို ခြေရာခံ စောင့်ကြည့်သည့် နောက်ဆုံးရရှိသော ဒေတာအချက်အလက်များကို FAO က ထုတ်ပြန်ရာတွင် အထူးသဖြင့် သွင်းကုန်များအပေါ် လွန်ကဲစွာ မှီခိုအားကိုးရသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စားနပ်ရိက္ခာများက ဆက်လက် ဈေးကြီးနေဆဲဖြစ်သည်ဟု ပြောသည်။

ကောက်နှံများနှင့် ဟင်းသီးဟင်းရွက်ဆီများအတွက် ကမ္ဘာ့ပေါက်ဈေးများပိုင်းတွင် ကျဆင်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် စံအမှတ် ဈေးနှုန်းများ ကျဆင်းခြင်းကို ဖြစ်စေခဲ့ခြင်း ဖြစ်သည်ဟု FAO က ပြောသည်။

“လုံလောက် ပိုလျှံတဲ့ ပေးသွင်းထောက်ပံ့မှုတွေ၊ သွင်းကုန်ဝယ်လိုအား ငြိမ်ချက်သားကောင်းတာနဲ့ ပင်လယ်နက် ဂျုံ အစီအစဉ် တိုးချဲ့မှုတို့က ဒီ ကျဆင်းမှုကို ဖြစ်စေဖို့ အကြောင်းဖန်ပေးခဲ့တယ်” ဟု ကုလ အေဂျင်စီက ပြောသည်။

တူရကီနှင့် ကုလသမဂ္ဂတို့ ညှိနှိုင်းပေးသော သဘောတူညီချက်တစ်ခုကြောင့် ကမ္ဘာ့ ဂျုံ အများဆုံး ထုတ်လုပ်သူတစ်နိုင်ငံဖြစ်သည့် ယူကရိန်းအတွက် ပင်လယ်နက်ရှိ ဘေးကင်းသော စင်္ကြံလမ်းကြောင်းတစ်ခုမှတစ်ဆင့် ဂျုံ တင်ပို့ခွင့်ရစေသည်။

၂၀၂၂ ၊ ဖေဖေါ်ဝါရီလ ရုရှား ကျူးကျော်မှုကြောင့် ယူကရိန်း၏ ဂျုံ တန်ချိန် သန်း ၂၀ ခန့်ကို ဆိပ်ကမ်း၌ ပိတ်မိစေခဲ့ပြီးနောက် အထက်ပါ သဘောတူညီချက်ကို ရခဲ့ခြင်း ဖြစ်သည်။

FAO အညွှန်းကိန်းသည် ပျမ်းမျှအားဖြင့် ၁၂၆.၉ ပွိုင့် ရှိပြီး ယင်းသည် ဖေဖေါ်ဝါရီလကုန်ကနှင့်ယှဉ်လျှင် ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သလို ၂၀၂၂ မတ်လနောက်ပိုင်း ၂၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည်။

ဩစတြေးလျတွင် ထုတ်လုပ်မှု အားကောင်းခြင်း၊ အီးယူနိုင်ငံများတွင် သီးနှံ အခြေအနေများ တိုးတက်ခြင်း အပြင် ရုရှား၏ ပေးသွင်းထောက်ပံ့မှုများ မြင့်မားခြင်း၊ ပင်လယ်နက် ဆိပ်ကမ်းများမှတစ်ဆင့် ယူကရိန်းထံမှ ပို့ကုန်များ ဆက်ရှိခြင်း တို့နှင့်အတူ နိုင်ငံတကာ ဂျုံ ဈေးနှုန်းများ ၇ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခြင်းကလည်း အထက်ပါ ကျဆင်းမှုကို ထောက်ကူပေးခဲ့သည်။

ဘရာဇီးတွင် စံချိန်တင် ရိတ်သိမ်းမှုကြောင့်လည်း ကမ္ဘာ့ ပြောင်း ဈေးနှုန်းများ ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသည်ကို မြင်တွေ့ရကြောင်း FAO က ပြောသည်။

သို့ရာတွင် ဈေးနှုန်းများက “အလွန်ပင် ဆက်လက်ဈေးကြီးနေပြီး ပြည်တွင်းဈေးကွက်များတွင် ဆက်လက်မြင့်တက်နေသည် ဖြစ်ရာ အထူးသဖြင့် နိုင်ငံသုံးငွေကြေးတန်ဖိုး အားနည်းခြင်းနှင့် ရင်ဆိုင်လုံးပန်းနေရသော အသားတင် စားနပ်ရိက္ခာ တင်သွင်းရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ထပ်တိုး စိန်ခေါ်မှုများကို ဖြစ်စေကြောင်း FAO ၏ စီးပွားရေးပညာရှင် မက်ဇီမို တောရာရိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly