သမိုင်းဝင်အရွေ့အဖြစ် ဖင်လန်က နေတိုးထဲ ပါဝင်လာ၊ တန်ပြန်သွားမည်ဟု ရုရှ ခြိမ်းခြောက် 

သမိုင်းဝင်အရွေ့အဖြစ် ဖင်လန်က နေတိုးထဲ ပါဝင်လာ၊ တန်ပြန်သွားမည်ဟု ရုရှ ခြိမ်းခြောက် 
Photo - AFP

ဖင်လန်နိုင်ငံသည် နေတိုးအုပ်စုထဲ အင်္ဂါနေ့တွင် တရားဝင် ပါဝင်လာပြီဖြစ်ပြီး ၎င်း၏ အလံသည် စစ်မဟာမိတ် နေတိုးအုပ်စု၏ ဘရပ်ဆဲလ်ရှိ ရုံးချုပ်အပြင်ဘက်တွင် တလူလူ လွှင့်လျက် ရှိပြီဖြစ်သည်။ ယူကရိန်းအား ရုရှကျုးကျော်စစ်ကြောင့် ဖြစ်ပေါ်လာသော သမိုင်းဝင် မူဝါဒအရွေ့အဖြစ် ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းကို “တန်ပြန်” သွားမည်ဟု ရုရှက ခြိမ်းခြောက်ပြောဆိုလာခဲ့သည်။ 

နေတိုးအုပ်စုထဲ ဖင်လန်နိုင်ငံ ပါဝင်လာခြင်းကြောင့် ရုရှနှင့် နေတိုးတို့၏ နယ်စပ်ထိစပ်မှု အလျားသည် အကြမ်းအားဖြင့် နှစ်ဆ ပို ထိစပ်မှု ရှိလာခဲ့ပြီး ယူကရိန်းစစ်ပွဲက ပြေလည်မည့် အရိပ်အယောင် မမြင်ရသည့်အချိန်၌ နေတိုး၏ အရှေ့ပိုင်း စစ်တောင်ပံကို အားပေးထောက်ကူရာလည်း ရောက်စေသည်။ 

နေတိုးရုံးချုပ်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်ကို တရားဝင်မှတ်တမ်းအား လက်လွှဲပေးအပ်ခြင်းဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်မှု လုပ်ငန်းစဉ်ကို ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပတ်ကာ ဟာဗီစတိုက ပြီးမြောက်စေခဲ့သည်။ 

နေသာသည့် ကောင်းကင်အောက် စစ်တီးဝိုင်းက တီးမှုတ်နေချိန်၌ အဖြူနောက်ခံတွင် အပြာရောင်ကြက်ခြေခတ်ဖြစ်သည့် ဖင်လန်နိုင်ငံ၏ အလံကို အခြားသော နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ နှင့်အတူ လွှင့်တင်ခဲ့သည်။ 

“၇၅ နှစ်နီးပါး ရှိခဲ့ပါပြီ၊ ဒီ ကြီးမြတ်တဲ့ မဟာမိတ်ဟာ ကျွန်တော်တို့ နိုင်ငံတွေကို ကာကွယ်ပေးနေပြီး ဒီကနေ့အထိလည်း ဆက်လက်ကာကွယ်သွားမှာ ဖြစ်ပါတယ်”ဟု နေတိုးအတွင်းရေးမှူးချုပ် ယန်း စတောတန်ဘတ်ချ်က အခမ်းအနား၌ ကြေညာသည်။ “ဒါပေမဲ့ စစ်ပွဲဟာ ဥရောပဆီ ပြန်ရောက်လာခဲ့ပြီ၊ ဖင်လန်ဟာ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်ပြီး ကမ္ဘာ့အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့ထဲ ပါဝင်လာခဲ့တာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ယူကရိန်းအား ကျုးကျော်စစ်အတွက် အကြောင်းပြချက်အဖြစ် နေတိုးအုပ်စု၏ အရှေ့ပိုင်းဆီ အင်အားတိုးချဲ့လာမှုကို ရုရှသမ္မတ ပူတင်က ကန့်ကွက်ဆန့်ကျင်ပြီး ကိုးကားပြလျက်ရှိကြောင်း စတောတန်ဘတ်ချ်က အစောပိုင်းက ပြောထားသည်။ 

“သူက တကယ့်ကို ဆန့်ကျင်နေတာ ဖြစ်တယ်၊ ဒီနေ့မှာတော့ ဖင်လန်နိုင်ငံကပါ နေတိုးအဖွဲ့ဝင် ဖြစ်လာပါပြီ၊ မကြာပါဘူး၊ ဆွီဒင်လည်း နေတိုးမဟာမိတ်ရဲ့ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာပါလိမ့်မယ်”ဟု ဘရပ်ဆဲလ်တွင် စတောတန်ဘတ်ချ်က ပြောသည်။ 

နေတိုး၏ ဘုံဟန့်တားမှုနှင့် ကာကွယ်မှုတွင် ဖင်လန်၏ အများဆုံး သိသိသာသာ ပါဝင်ခြင်းသည် ကိုယ်ပိုင် ပိုင်နက်ကို ကာကွယ်ရာ ရောက်လိမ့်မည်ဟု ဖင်လန်သမ္မတ ဆော် နင်နစ္စတိုက ပြောသည်။ 

“ဒါဟာ ဖင်လန်နိုင်ငံအတွက် ကြီးကျယ်တဲ့ နေ့တစ်နေ့ပါပဲ၊ နေတိုးအတွက်လည်း အရေးကြီးတဲ့နေ့ပဲလို့ ကျွန်တော် ပြောလိုပါတယ်”ဟု စတောတန်ဘတ်ချ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ နင်နစ္စတိုက ပြောခဲ့သည်။  

ဖင်လန်၏ နေတိုးအဖွဲ့ဝင်ရောက်မှုအား “တန်ပြန်လုပ်ငန်းစဉ်” အင်အားသုံး ဖော်ဆောင်သွားမည်ဟု ရုရှအစိုးရက ပြောသည်။ ယင်း လုပ်ရပ်သည် ယူကရိန်းက ပဋိပက္ခ အလားအလာကို နောက်ထပ် အရှိန်မြှင့်တင်လိုက်ခြင်းပဲ ဖြစ်သည်ဟု ရုရှကာကွယ်ရေးဝန်ကြီး ဆာဂေး ဆွိုင်းဂူက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

https://www.reuters.com/world/europe/finland-set-join-nato-historic-shift-while-sweden-waits-2023-04-04/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly