ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်က နိုင်ငံတော်သစ္စာဖောက်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်က နိုင်ငံတော်သစ္စာဖောက်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 
Photo - AFP

ကာလရှည် အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသော ထိပ်တန်းကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်သည် အယူခံဝင်ထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောပြီး ပြစ်ဒဏ်သည် “တရားမျှတမှု မရှိ” ဟု ဝေဖန်အပြစ်ဆိုသည်။ 

အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ပူးတွဲတည်ထောင်သူ ကမ်ဆိုခါသည် ဟွန်ဆန်အစိုးရအား ဖြုတ်ချရန် ပြည်ပအဖွဲ့အစည်းများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်သည့် အပြစ်ရှိကြောင်း ယခုလအတွင်း တရားရုံးတစ်ရုံးက စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။ 

ဆိုခါအား ထောင်ဒဏ် ၂၇ နှစ် ချမှတ်ပြီး ချက်ချင်းပင် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားသည်။ 

၎င်း၏ နိုင်ငံရေးအခွင့်အရေးများကိုလည်း ရုပ်သိမ်းသလို တရားရုံး ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားသား သို့မဟုတ် မိသားစုဝင် မဟုတ်သောသူများနှင့် တွေ့ဆုံခြင်းကိုလည်း တားမြစ်ထားသည်။ 

“မတရားတာကြောင့် စီရင်ချက်ကို သူ အယူခံဝင်ထားတယ်”ဟု ဆိုခါ၏ ရှေ့နေတစ်ဦးဖြစ်သည့် မန်ဆိုဖီယာရီက အေအက်ဖ်ပီသို့ ပြောသည်။ 

အသက် ၆၉ နှစ်ရှိသည့် ဆိုခါသည် ၂၀၁၇ က ဖမ်းဆီးခံရချိန်မှစကာ ၎င်းအပေါ် စွဲဆိုထားချက်များကို အကြိမ်ကြိမ် ငြင်းဆန်ထားသည်။ 

အခွင့်အရေးများစွာ ဆုံးရှုံးစေသည့် မမျှတသည့် စီရင်ချက်ကို လက်ခံရန် ဆိုခါက ငြင်းဆန်ထားကြောင်း နောက်ထပ် ရှေ့နေတစ်ဦးဖြစ်သည့် အန်း အူဒွမ်က ပြောသည်။ 

ဆိုခါအား စွဲဆိုချက်များသည် ဇူလိုင်လ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးမှ ၎င်းအား တားမြစ်ရန်သာဖြစ်သည်ဟု အခွင့်အရေးအုပ်စုများက ပြောကြသည်။ 

ဆိုခါ၏ ပြစ်ဒဏ်ကို “လုပ်ကြံပူးပေါင်းကြံစည်မှု” တွင် အခြေတည်သည့် “တရားစီရင်ရေး ပျက်ပြားမှု” ပဲ ဖြစ်သည်ဟု အမေရိကန်က ပြောဆိုသည်။ 

ကမ္ဘောဒီးယားအား ၃၈ နှစ်ကျော် အုပ်ချုပ်နေသော ဟွန်ဆန်သည် ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ထိုးနှက်နေပြီး နိုင်ငံရေး အတိုက်အခံများအား နှိမ်နင်းရန် တရားရုံးများကို အသုံးချနေကြောင်း လူ့အခွင့်အရေးအုပ်စုများအရ သိရသည်။ 

ကမ္ဘာတွင် အရှည်ကြာဆုံး တာဝန်ထမ်းဆောင်သည့် ဝန်ကြီးချုပ်ဖြစ်သည်ဟု ဟွန်ဆန်က ကြာသပတေးနေ့က ကိုယ်ရည်သွေး ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly