ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားအနောက်ပိုင်း ကမ်းခြေသို့ ရောက်ရှိ

ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားအနောက်ပိုင်း ကမ်းခြေသို့ ရောက်ရှိ
Photo - AFP

အမျိုးသမီးများနှင့် ကလေး အများအပြား အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး ထက်မနည်းသည် မတ်လ ၂၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဘက်စွန်းခရိုင်၏ ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထိုမတိုင်မီက အဆိုပါဒုက္ခသည်များကို ခေါ်ဆောင်လာသည့် သင်္ဘောတစ်စီးက ၎င်းတို့ကို ကမ်းခြေနှင့်မလှမ်းမကမ်း ပင်လယ်ထဲ၌ ချပေးခဲ့ပြီး ကမ်းစပ်သို့ ရေကူးပြီးသွားခိုင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကြီးအကျယ် ဖိစီးနှိပ်စက်ခံခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင် ထောင်နှင့်ချီတို့သည် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရှိရန် ကြိုးပမ်းရင်း တစ်ခါတစ်ရံတွင် ကြံ့ခိုင်မှုအားနည်းသည့် စက်လှေများအပါအဝင် လှေသင်္ဘောများဖြင့် ရှည်လျားပြီး၊ စရိတ်စကများသော ပင်လယ်ပြင်ခရီးများကို နှစ်စဉ်နှစ်တိုင်း သက်စွန့်ဆံဖျား သွားလာနေကြသည်။

အရှေ့အာချေးခရိုင် ပီယူရူလက်မြို့မှ ဒေသခံများသည် ယခု ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရှိပြီးနောက် မတ်လ ၂၇ ရက် မနက်ပိုင်းတွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည်များတွင် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၇၀ ဦးနှင့် ကလေး ၂၀ ဦးတို့ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

“သူတို့ ရောက်လာတော့ ကမ်းခြေမှာ ဘာသင်္ဘောမှ မရှိတော့ပါဘူး” ဟု ပီယူရူလက်ခရိုင်ခွဲမှ အကြီးအကဲ နာဆရီက အေအက်ဖ်ပီကို ပြောသည်။

“ရက်တွေအများကြီး အစားမစားရလို့ အားနည်းနေပုံပေါက်တဲ့ ဒုက္ခသည်တချို့လည်း ပါပါတယ်”

ဒုက္ခသည် ငါးဦးထက်မနည်းကို ဆေးရုံသို့ ပို့ထားရပြီး ကျန်ဒုက္ခသည်များကို ဗလီတစ်ခုကို ခေါ်ဆောင်ပြီး အမိုးအကာ၊ အစားအသောက်နှင့် ဆေးဝါးကုသမှု ပေးထားကြောင်း ၎င်းက ပြောသည်။

ယခု ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ကို အရှေ့အာချေးခရိုင် လူမှုရေးရာ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆာဟာရာနီကလည်း အေအက်ဖ်ပီကို အတည်ပြုသည်။

ယခု အသစ်ထပ်မံ ရောက်ရှိလာသူများနှင့်ပတ်သက်ပြီး အချက်အလက်များကို စုဆောင်းကောက်ယူနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မိမိတို့ကို သင်္ဘောကပ္ပတိန်က ကမ်းနှင့် မလှမ်းမကမ်းတွင် ဆင်းခိုင်းခဲ့ပြီး ကမ်းသို့ ရေကူးသွားခိုင်းခဲ့ကြောင်း ဒုက္ခသည်တစ်ဦးက ပြောသည်။

“အဲဒီနောက် သင်္ဘောက ချက်ချင်း ပြန်ထွက်သွားတယ်” ဟု ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်သည့် အလီက Antara သတင်းအေဂျင်စီကို ပြောသည်။ ဒုက္ခသည်များသည် မြန်မာနိုင်ငံမှ မလေးရှားကို ရောက်ရှိရန် ကြိုးပမ်းထွက်ခွာလာသူများဖြစ်ကြောင်း အလီက ပြောသည်။

ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး ဒေသတာဝန်ရှိသူများသည် UNHCR ၊ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့နှင့် ဆွေးနွေးလျက် ရှိသည်။

၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂,၀၀၀ ကျော်သည် အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်ပြီး အန္တရာယ်များသော ပင်လယ်ပြင်ခရီးစဉ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ယုံကြည်ရကြောင်း UNHCR က ပြောသည်။

ယမန်နှစ်က အန္တရာယ်အလွန်များသော ပင်လယ်ပြင်ခရီးများကို ဖြတ်သန်းရင်း ရိုဟင်ဂျာ ၂၀၀ နီးပါး အသက်ဆုံးရှုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း အေဂျင်စီက ခန့်မှန်းသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly