အမေရိကန်-တရုတ် ပဋိပက္ခကို ကမ္ဘာက ခံနိုင်စွမ်းရှိမည် မဟုတ်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြော 

By BNN Bloomberg 
26 March 2023
အမေရိကန်-တရုတ် ပဋိပက္ခကို ကမ္ဘာက ခံနိုင်စွမ်းရှိမည် မဟုတ်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြော 

အမေရိကန်နှင့် တရုတ်ကြားက ဆိုးဝါးလာသော ဆက်ဆံရေးနှင့် ပတ်သက်ကာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သတိပေးလာပြီး အထူးသဖြင့် ကမ္ဘာ့ဖြစ်ထွန်းမှုတွင် တရုတ်၏ နိုင်ငံရေးနှင့် စီးပွားရေး လက်သံပြောင်မှုကို အလေးထား ပြောဆိုသည်။ 

“တရုတ်နဲ့ ကျန်ကမ္ဘာခြားက ပဋိပက္ခ၊ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြားက ပဋိပက္ခကို ကမ္ဘာက ခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး”ဟု ယခုလအစောပိုင်း တရုတ်ရုပ်သံ CCTV နှင့် အင်တာဗျူးတစ်ရပ်တွင် လီရှန်လွန်းက ပြောခဲ့သည်ကို ဝန်ကြီးချုပ်ရုံးက စနေနေ့တွင် ထုတ်ပြန်သည်။ 

တရုတ်နိုင်ငံသည် “အလွန် စည်ပင်ထွန်းကားလာပြီး ကမ္ဘာ့စီးပွားရေးတွင် ပိုမို ပါဝင်လာကာ နိုင်ငံတကာရေးရာများတွင်လည်း အသံပို ထွက်လာကြောင်း လီရှန်လွန်းက ဖြည့်စွက်ဆိုသည်။ 

အမေရိကန်တာဝန်ရှိသူများ လက်ချိန်အချိန်၌ မျှော်လင့်ထားသော သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့ကြား ဖုန်းခေါ်မှုသည် မျှော်လင့်သလို မြန်ဆန်စွာ ဖြစ်မလာနိုင်ဟု ယင်းအရေးနှင့် နီးစပ်သူများက ပြောထားသည်။  

ယင်းသည် နှစ်နိုင်ငံကြား ရန်လိုပြောဆိုမှုများ မြင့်တက်လာသော မကြာသေးခင်က ထိပ်တိုက်တွေ့မှုများနောက် ဆိုးဝါးလာသည့် ဆက်ဆံရေးကြောင့် ရလဒ်ပဲ ဖြစ်သည်။ 

“ကျွန်တော့် အမြင်ကတော့ တစ်ဆင့်ချင်း ဖော်ဆောင်သွားရဖို့ လိုပါလိမ့်မယ်၊ တည်ငြိမ်တဲ့ ဆက်ဆံရေး ဖော်ဆောင်ပြီး ဒီနောက်မှာ ဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်သွားရမယ်၊ ပုံမှန် ရှေ့ဆက်တိုးသွားရမယ်”ဟု လီရှန်လွန်းက အင်တာဗျူးတွင် ပြောသည်။ “ဒါပေမဲ့ အချိန်တော့ ယူရမှာပေါ့၊ လွယ်ကူမှာတော့ မဟုတ်ဘူး၊ နှစ်နိုင်ငံစလုံးမှာ နိုင်ငံရေး ဖိစီးမှုတွေ ရှိနေတယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

တရုတ်၏ သူလျှိုပူဖောင်းဖြစ်သည်ဟု စွပ်စွဲလျက် အမေရိကန်က ပစ်ချလိုက်ခြင်းနှင့် ယူကရိန်းက စစ်အတွက် ရုရှနိုင်ငံဆီ တရုတ်က လက်နက်များ ထောက်ပံ့ရန် စဉ်းစားနေသည်ဟု အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုမှုများနောက် နှစ်နိုင်ငံကြားက အပြန်အလှန်ဆက်ဆံရေးသည် ယခုနှစ်တွင် နောက်ထပ် နိမ့်ဆင်းခြင်းသို့ ရောက်ရှိခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly