အင်ဒိုနီးရှားက သြစတြေးလျနှင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ရှေ့တိုးဆောင်ရွက်သွားမည်

အင်ဒိုနီးရှားက သြစတြေးလျနှင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ရှေ့တိုးဆောင်ရွက်သွားမည်

ဂျာကာတာ၊ မတ် ၂၁ ။              ။ သြစတြေးလျနှင့် ဆက်ဆံရေးပိုမိုခိုင်မာရေး ရှေ့တိုးဆောင်ရွက်ရန် စီစဉ်ထားသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မတ် ၂၁ တွင်ပြောသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဂျူလီဘစ်ရှော့နှင့် ဆွေးနွေးအပြီး ရက်နိုမာဆူဒီက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြောကြားလိုက်မှုက လွန်ခဲ့သည့်နှစ်က သြစတြေးလျနိုင်ငံသားနှစ်ဦးကို အင်ဒိုနီးရှားက မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ်စီရင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြားသဘောကွဲလွဲမှုကို ဘေးဖယ်လိုက်ပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းအချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

"ကျွန်မတို့ အလွန်ကိုပဲ အပြုသဘောဆောင်တဲ့ လေသံနဲ့ ဆွေးနွေးခဲ့ကြပါတယ်"ဟု မစ္စရက်နိုက ပြောသည်။ လွန်ခဲ့တဲ့လအနည်းငယ်က ဆစ်ဒနီမှာဆွေးနွေးခဲ့ချိန်တုံးကထက် အခုအများကြီးပိုတိုးတက်ပါတယ်။ ပြီးတော့ ပိုကောင်းတဲ့ ပိုပြီးခိုင်မာတဲ့ နည်းလမ်းနဲ့ ရှေ့တိုးလုပ်ဆောင်ဖို့ အလွန်အားကောင်းတဲ့ ကတိကဝတ်တွေပြုခဲ့ကြပါတယ်"ဟု ၎င်းကဆိုသည်။ နှစ်နိုင်ငံဝန်ကြီးများသည် ကျယ်ပြန့်သည့် အင်ဒိုနီးရှား-သြစတြေးလျ စီးပွားမိတ်ဖက် သဘောတူညီချက် အပါအဝင် ကျယ်ပြန့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

"စီးပွားရေးမိတ်ဖက်သဘောတူညီချက်က အင်အားသစ်တွေ ရရှိနေပါတယ်။ ညိနှိုင်းဆွေးနွေးမှုတွေ မကြာခင်ပြန်စနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု မစ္စဘစ်ရှော့က ပြောသည်။ စီးပွားရေးလုပ်ငန်းများ ကွန်ရက်ချိတ်ဆက်မှု နက်ရှိုင်းမှုကလည်း ဆက်ဆံရေးခိုင်မာမှုအတွက် နောက်ထပ်သာဓကတစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

နှစ်ဖက်ကုန်သွယ်မှုက သြစတြေးလျဒေါ်လာ ၁၅ ဘီလျံ ( အမေရိကန်ဒေါ်လာ ၁၁ဒသမ၃၆) သာရှိသေးသော်လည်း နှစ်နိုင်ငံစီးပွားရေးနှင့် အလုပ်အကိုင်များမြင့်တင်ရေးအတွက် စီးပွားရေးဆက်ဆံမှု တိုးမြင့်ရေးအလားအလားမှာ အကန်အသတ်ရှိမနေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ရက်နိုနှင့် ဂျူလီတို့သည် လူကုန်ကူးမှုအကြောင်း မတ် ၂၃ တွင် ဘာလီကျွန်း၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly