စစ်ကောင်စီကို အသိအမှတ်မပြုဟု မလေးရှား ထပ်လောင်းပြောဆို

စစ်ကောင်စီကို အသိအမှတ်မပြုဟု မလေးရှား ထပ်လောင်းပြောဆို
Photo - Bernama

မြန်မာအာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုသည့် မလေးရှားအစိုးရ၏ ရပ်တည်ချက်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အားကောင်းစေခြင်းမှတစ်ဆင့် ပြည့်စုံသော ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာတွေ့ရေး လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည့်စုံနှံ့စပ်သော အဖြေတစ်ခုကို ရရှိနိုင်ခြင်း မရှိသရွေ့ မလေးရှားနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူ ဆရီ ဒေါက်တာ ဇမ်ဘရီ အဗ္ဗဒူလ် ကာဒီရာက ပြောသည်။

“အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ဆိုတာ ညှိနှိုင်းဆွေးနွေးမှုတွေ ပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်သလို အခြား အာဆီယံနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒီကိစ္စကို တစ်ဦးတစ်ယောက်တည်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု မလေးရှားဝန်ကြီးက ပြောသည်။

“ကျွန်တော်တို့ အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ပြည့်စုံတဲ့ ဖြေရှင်းချက်နည်းလမ်းတစ်ခုကို အပြီးသတ်မှာ ရှာတွေ့နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ သူတို့(စစ်ကောင်စီ) အပေါ် ဆက်လက် ဖိအားပေးသွားမယ်” ဟု ၎င်းက မတ်လ ၂၀ ရက်တွင် ကျင်းပသည့် မလေးရှားအောက်လွှတ်တော်တွင်း ဆွေးနွေးမှုအစီအစဉ်တစ်ခုအတွင်း ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly