ရေအတွက် နယ်နမိတ်ဖြတ်ကျော် တိုက်ပွဲ 

ရေအတွက် နယ်နမိတ်ဖြတ်ကျော် တိုက်ပွဲ 

ရေရှားပါးမှုကို ကမ္ဘာက ယခုနှစ်မှာပင် ရင်ဆိုင်လာရချိန်၌ အချို့သော နိုင်ငံများသည် အိမ်နီးချင်းနိုင်ငံများ ရေလိုအပ်မှု ရှိနေသည့်ကြားမှပင် ၎င်းတို့ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကြီးမားသော ဆည်များ တည်ဆောက်နေကြခြင်းမှာ ဖြစ်နိုင်လာသော ပဋိပက္ခ၏ အရင်းအမြစ်အဖြစ် ကြီးထွားလာလျက် ရှိသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရေရရှိမှုနှင့် ပတ်သက်သော နယူးယောက်မြို့က ကုလသမဂ္ဂ ညီလာခံ မတိုင်မီ အေအက်ဖ်ပီအနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်  အသီးသီး ရှိနေကြသော အကြီးစား စီမံကိန်းကြီး ငါးခုကို သုံးသပ်ကြည့်မိသည်။ 

တရုတ်၏ အသိတရားမဲ့ မဲခေါင်ဆည်  

တရုတ်သည် မကောင်းသတင်းကျော်ကြားသော Three Gorges ဆည်အပါအဝင် ကုန်လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ယန်ဇီမြစ်ဝှမ်း၌ ဆည်ပေါင်း ၅၀,၀၀၀ တည်ဆောက်ခြင်းဖြင့် ထင်ရာစိုင်း ဆည်တည်ဆောက်သည့် နိုင်ငံတစ်နိုင်ငံပဲ ဖြစ်သည်။ 

သို့ရာတွင် တရုတ်တွင် မြစ်ဖျားခံပြီး ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကွေ့ကောက်ဖြတ်သန်းသည့် မဲခေါင်မြစ်၌ ဆည်တည်ဆောက်ရေး တရုတ်၏ စီမံကိန်းများသည် အိမ်နီးချင်းနိုင်ငံများအတွက် သတိပေးတပ်လှန့်စရာ ဖြစ်နေသည်။ 

မဲခေါင်မြစ်ဝှမ်းဒေသည် မြစ်ဝှမ်းနှင့် မြစ်လက်တက်များတစ်လျှောက် လူပေါင်း သန်း ၆၀ ကျော် မှီတင်းနေထိုင်နေရသည််။ 

လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ဆိုးဝါးသော မိုးခေါင်မှုများ ဖြစ်စေခြင်းအတွက် တရုတ်၏ လုပ်ရပ်များကို အမေရိကန်က အပြစ်တင်ထားသည်။ 

တရုတ်က ဆည်များတွင် “ပျမ်းမျှအထက် ရေစီးဆင်းမှု” ကို ပြသသည့် ဂြိုဟ်တုဓာတ်ပုံများအား အမေရိကန်စောင့်ကြည့်ရေးအဖွဲ့ Eyes on Earth က ၂၀၁၉ ခုနှစ်၌ ထုတ်ပြန်ဖူးသည်။ 

တရုတ်ကမူ ၎င်း၏ ဆည်ရေကာတာများသည် မိုးရာသီ၌ ရေကို သိုလှောင်ပြီး ခြောက်သွေ့ရာသီ၌ ပို့လွှတ်ခြင်းအားဖြင့် မြစ်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အထောက်အကူပြုကြောင်း ကံသေကံမ ပြောထားသည်။ 

နိုင်းမြစ်ပေါ်က အကြီးစားဆည် 

အာဖရိက၏ အရှည်ဆုံး နိုင်းမြစ်မှ ရေသည် အီသီယိုးပီးယားနှင့် အိမ်နီးချင်း ဆူဒန်နှင့် အီဂျစ်တို့ကြား ဆယ်စုနှစ်ကြာ အငြင်းပွားမှု၏ ဗဟိုချက်ချာပဲ ဖြစ်သည်။ နိုင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သော Blue Nile သည် အီသီယိုးပီးယားတွင် မြစ်ဖျားခံပြီး နိုင်းမြစ်ဝှမ်းတွင် ဆူဒန်နှင့် အီဂျစ်တို့ ရှိကြသည်။ 

၂၀၁၁ ခုနှစ်အတွင်း၌ အီသီယိုးပီးယားသည် ကျေးလက်ဒေသများ မီးလင်းရေးအတွက် ယင်းမြစ်ပေါ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ 

သို့ရာတွင် အဆိုပါ Grand Ethiopian Renaissance Dam သည် ရေထောက်ပံ့မှုကို ခြိမ်းခြောက်ရာအဖြစ် ဆူဒန်နှင့် အီဂျစ်တို့က ရှုမြင်ကြသည်။ အီဂျစ်နိုင်ငံသည် ၎င်း၏ ဆည်မြောင်းစနစ်နှင့် သောက်သုံးရေ၏ ၉၇ ရာခိုင်နှုန်းကို နိုင်းမြစ်ပေါ်တွင် မှီခိုနေရခြင်း ဖြစ်သည်။ 

ယခု ဆည်ကြီးက ရေစီးဆင်းမှုကို အလျင်ပြတ်စေမည် မဟုတ်ဟု အီသီယိုးပီးယားက အခိုင်အမာဆိုလျက် ၂၀၂၀ ဖေဖော်ဝါရီတွင် ပထမဆုံး တာဘိုင်ကို ဖွင့်လှစ်ခဲ့သည်။ 

အီရတ်၊ ဆီးရီးယား ရေငတ်မွတ်မှု 

ရေနံတူးဖော်မှု အလေ့အထများ ရေရှည်ရှိခဲ့သည့် စစ်ပွဲဒဏ်သင့် အီရတ်သည် လက်ရှိ၌ ဆည်တည်ဆောက်ရေးကို အရူးအမူးဖြစ်နေပြီး ရေအတွက် တူးဖော်ခြင်းများ လုပ်ဆောင်နေလျက်ရှိကာ ဒေသတွင်း မြစ်ကြီးများဖြစ်သည့် တီဂရစ်နှင့် ယူဖရေးတီးမြစ်များမှ ရေကို စုပ်ယူလျက် ရှိသည်။ 

တူရကီနိုင်ငံသည် ၁၉၈၀ ခုနှစ်များ၌ အရှေ့တောင်ပိုင်းတစ်လွှားတွင် ဆည်ကြီးများနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးကို လုပ်ဆောင်လာခဲ့သည်။ 

၁၉၉၀ ခုနှစ်၌ ဆီးရီးယားနယ်စပ်မှ မိုင် ၅၀ အကွာခန့် ယူဖရေးတီးမြစ်တွင် ကြီးမားသော Ataturk ဆည်တည်ဆောက်မှုက ပြီးစီးသည်။ 

များမကြာမီ ၂၀၁၉ ၌ တီဂရစ်မြစ်ပေါ်ရှိ ရှေးဟောင်း Hasankeyf မြို့သည် အကြီးစား Ilisu ဆည်တည်ဆောက်ရေးကြောင့် ပျောက်ကွယ်ခဲ့ရသည်။ 

တူရကီ၏ ဆည်တည်ဆောက်မှုများသည် မိမိတို့ နယ်မြေများသို့ ရေစီးဆင်းမှုကို ဆိုးဝါးစွာ လျော့ကျစေသည်ဟု အီရတ်နှင့် ဆီးရီးယားတို့က ပြောကြသည်။ 

မိုးခေါင်မှုများကို တိုက်ဖျက်ရေးအတွက် ရေပိုမို ပို့လွှတ်ရန် အီရတ်က တူရကီကို မကြာခဏ တိုက်တွန်းလျက် ရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လက အီရတ်ဆိုင်ရာ တူရကီသံအမတ်ကြီးက “အီရတ်တွင် ရေက ကြီးကြီးမားမား အလေအလွင့် ဖြစ်နေသည်”ဟု ပြောဆိုခဲ့ခြင်းကြောင့် စိတ်ဆိုးဒေါသ ထွက်ခဲ့ရသည်။ 

တစ်ချိန်တည်းမှာပင် ဆီးရီးယားကလည်း ရန်ဖက် တူရကီအား မိုးခေါင်မှု ဖြစ်အောင် ယူဖရေးတီးမြစ်အား လက်နက်သဖွယ် အသုံးချနေသည်ဟု စွပ်စွဲရာ တူရကီကတော့ ငြင်းဆန်သည်။ 

ကက်ရှ်မီးယားက ရေယှဉ်ပြိုင်မှု 

အိန္ဒုမြစ်သည် အာရှတိုက်၌ အရှည်ဆုံး မြစ်များမှ မြစ်တစ်မြစ်ဖြစ်ပြီး ကက်ရှ်မီးယားတွင် နျူကလီးယား လက်နက်နိုင်ငံ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပိုင်းခြားထားခြင်း အပါအဝင် ဒေသတွင်းက အလွန် ထိလွယ်ရှလွယ်သော နယ်စပ်များတစ်လျှောက် စီးဆင်းသည်။ 

၁၉၆၀ အိန္ဒုမြစ်ရေ သဘောတူညီမှုသည် နှစ်နိုင်ငံကြား ရေခွဲဝေမှုကို သတ်မှတ်ပေးသော်လည်း အငြင်းပွားမှုများကတော့ ဖြစ်ပွားပေါ်ပေါက်နေဆဲ ဖြစ်သည်။ 

မြစ်ညာတွင် ရှိသော အိန္ဒိယသည် ရေရရှိမှုကို ကန့်သတ်နိုင်၍ စိုက်ပျိုးရေးတွင် ထိခိုက်မှု ဖြစ်လာမည်ကို ပါကစ္စတန်က ရေရှည် စိုးရိမ်လျက် ရှိသည်။ အိန္ဒိယကလည်း ယင်းသို့ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်မှုများ ရှိထားသည်။ 

တင်းမာမှု၏ လက္ခဏာတစ်ရပ်အဖြစ် အိန္ဒုမြစ်လက်တက်တစ်ခုတည်း စီးဝင်သော ကစီရှန်ဂန်ဂါမြစ်ကမ်းပါးများတစ်လျှောက်တွင် ရန်ဖက်နှစ်နိုင်ငံသည် အပြိုင်အဆိုင် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ထားကြသည်။ 

ပရာနာမြစ်ပေါ်က တင်းမာမှု 

ဘရာဇီး-ပါရာဂွေး နယ်စပ်ရှိ ပါရာနာမြစ်ပေါ် တည်ရှိသော အီတိုင်ပူ ရေအားလျှပ်စစ်စက်ရုံသည် နှစ်နိုင်ငံကြားက တင်းမာမှုများ၏ ဇာစ်မြစ် ဖြစ်လျက် ရှိနေသည်။ 

တရုတ်၏ Three Gorges နှင့်အပြိုင် ကမ္ဘာတွင် လျှပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်သော အဆိုပါ ဓာတ်အားပေးစက်ရုံနှစ်ရုံမှ တစ်ရုံ၏ စွမ်းအင်ကို ခွဲဝေယူရန် ၁၉၇၃ ခုနှစ်က သဘောတူညီချက်တစ်ရပ် ရခဲ့သည်။ 

သို့ရာတွင် ပါရာဂွေးက ပိုမို တောင်းဆိုလာပြီး နောက်ဆုံးတွင် ဘရာဇီးထံမှ ငွေကြေး သုံးဆ ပိုမို ရရှိခဲ့သည်။ ဘရာဇီးမှာ အဆိုပါ စက်ရုံမှ လျှပ်စစ်ဓာတ်အား၏ ၈၅ ရာခိုင်နှုန်းကို အသုံးပြုနေရခြင်း ဖြစ်သည်။ 

၂၀၁၉ ခုနှစ်တွင် ဓာတ်အား ရောင်းချမှုနှင့် ဆိုင်သော သဘောတူညီချက်တစ်ရပ်က ပါရာဂွေးအစိုးရကို ဖြုတ်ချလုနီး ဖြစ်ခဲ့ပြီး ပါရာဂွေးအနေဖြင့် ဈေးချိုစွာ လျှပ်စစ်ဓာတ်အား ရရှိမှုကို လျှော့ကျစေမည့် သဘောတူညီချက်အဖြစ် ပညာရှင်များက ငြင်းဆန်သည်။ 

ယင်းနောက် ထို သဘောတူညီချက်ကို နှစ်နိုင်ငံလုံးက ပယ်ဖျက်လိုက်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly