ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ဘေးရှောင်ကလေးငယ်များ အရေပြားရောဂါ ခံစားနေရ 

By ဂျူချန်း (မဇ္ဈိမ)
18 March 2023
ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ဘေးရှောင်ကလေးငယ်များ အရေပြားရောဂါ ခံစားနေရ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများမှာ တောစပ်နေရာများတွင် စစ်ဘေးရှောင်ရကာ ရေလုံလောက်စွာ မရသဖြင့် လသားအရွယ် ကလေးငယ်များအပါအဝင် စစ်ရှောင် ၅၀ဦးခန့် အရေပြားရောဂါ ခံစားနေရကြောင်း Job For Kayah မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

“လူကြီး တစ်ဦးနှစ်ဦးလည်းဖြစ်တယ်ဗျ။ ကလေးအများစုဖြစ်တယ်။ ၅၀ဦးဝန်းကျင်လောက် ဖြစ်ပွားနေတာ။ ကလေး ၁၂နှစ် အောက်ကနေ လသားအရွယ်တွေ ဖြစ်တာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။ 

စစ်ဘေးရှောင်သည့်နေရာများ၌ ရေရှားပါးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု အတွက် ရေကို လုံလောက်စွာ အသုံးမပြုနိုင်ခြင်း၊ ရာသီဥတုအပူလွန်ကဲခြင်းများကြောင့် အဖုများစတင်ပေါက်လာကာ အဆိုပါအရေပြားရောဂါသည် ကူးစက်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ရာ ကုသရန် ဆေးဝါးလုံလောက်မှုမရှိသေးကြောင်း ဆိုသည်။ 

“စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတော့ သူတို့ စစ်ရှောင်ကြတယ်။ တောတွေတောင်တွေထဲ ရှောင်ကြတာ။ ရေကအရမ်းရှားတယ်။  ရေရှားတော့ သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေကို အသုံးမပြုနိုင်ဘူး။ ရေမချိုးနိုင်ဘူး။ ငါးရက် တစ်ပတ်လောက် ကြာသွားတယ်။ ရာသီဥတု အရမ်းပူပြင်းတယ်။ အရည်ရွှမ်းတဲ့ အစားအစာတွေလည်း သူတို့ မစားရဘူး။ ဆိုတော့ ကလေးတွေက ရာသီဥတုရော၊ ရေရော၊ အစားအစာရော ကြောင့် အဖုတွေစဖြစ်လာတာ” ဟု သူက ဆက်ပြောသည်။ 

အဆိုပါ အရေပြားရောဂါခံစားနေရသည့် ကလေးငယ်အများစုသည်  ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်း၊ ဒေါတမကြီး ကျေးရွာအုပ်စုရှိ ကျေးရွာ နှစ်ရွာမှ ကလေးငယ်များ ဖြစ်ကြောင်း ဆိုသည်။ 

ရောဂါဖြစ်ပွားသည့် အချို့ကလေးများတွင် ခေါင်းမှ ခြေအဆုံး အဖုများပေါက်ပြီး အချို့ကလေးများတွင် မျက်နှာတွင်သာ ယားနာအဖုများ ပေါက်ရာ တစ်ဦးနှင့်တစ်ဦးလည်း ရောဂါဝေဒနာ ခံစားရပုံခြင်း မတူကြောင်း သိရသည်။ 

“တချို့ကလေးတွေက ဒီလို အနာစပေါက်လာပြီးရင် ပြည်မပေါက်ခင်အထိ ဖျားတယ်။ တချို့ကလေးတွေကျတော့ ယားယံတာလောက်ပဲ။ ဒါပေမယ့် တစ်နေရာတည်းမှာ အနာတွေအများကြီး စုပြီး ပေါက်တဲ့ ကလေးကျတော့ သွေးတွေဘာတွေပါယိုတဲ့ ကလေးတွေက နာတယ်” ဟု JFK အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကလေးငယ်များအား ကုသပေးလျက်ရှိရာ ရာသီဥတုကြောင့် ဖြစ်တတ်သည့် ရောဂါဖြစ်သဖြင့် စိုးရိမ်စရာ မရှိသော်လည်း ယခုအချိန်အထိ ကလေးငယ်များအား ကုသရန် လုံလောက်သည့်ဆေးဝါး မရှိသေးကြောင်း သိရသည်။ 

ဒီးမော့ဆိုအရှေ့ခြမ်းတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ KNDF၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၉ရက်နေ့မှစတင်ကာ ယနေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိရာ ဒီးမော့ဆိုမြို့တွင် စစ်ဘေးရှောင်အရေအတွက် ၃၀,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly