အမေရိကန် Silicon Valley Bank (SVB) ဘဏ်သည် ယခုအခါ ဖွင့်လှစ်ထားပြီး အခက်အခဲအချို့ရှိသော်လည်း လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဘဏ်၏ အမှုဆောင်အရာရှိချုပ်သစ် တင်မ် မေယိုပေါ်လို့စ်က မတ်လ ၁၃ ရက်တွင် ဖောက်သည် (client) များကို ပြောခဲ့သည်ဟု ရိုက်တာက ကြည့်ခွင့်ရခဲ့သည့် စာတစ်စောင်အရ သိရသည်။
SVB ဘဏ်ပြိုလဲမှုဖြစ်ပြီးနောက်ပိုင်း Silicon Valley Bank N.A ဟု အမည်ပေးထားသည့် အသစ်ထူထောင်လိုက်သော လုပ်ငန်းအဖွဲ့အစည်း၏ စီအီးအိုအဖြစ် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Fannie Mae ၏ အကြီးအကဲဟောင်း မေယိုပေါ်လို့စ်ကို အစောပိုင်းနေ့တွင် အမေရိကန် ဖက်ဒရယ် ဘဏ်အပ်နှံငွေ အာမခံမှု ကော်ပိုရေးရှင်းက ရွေးချယ်တာဝန်ပေးခဲ့သည်။
SVB ဘဏ် ပြိုလဲမှုကြောင့် စတော့ရှယ်ယာဈေးများကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး နိုင်ငံတကာဈေးကွက်များတွင် ဂယက်ရိုက်ခတ်မှုများ ဖြစ်နိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်စေခဲ့ပြီးနောက် အမေရိကန် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များက SVB ကို ထိန်းချုပ်ခဲ့ရသည်။
အမေရိကန် စည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင်တို့သည် Silicon Valley Bank ၏ အပ်နှံငွေအားလုံးကို ယခုအသစ်ဖွဲ့စည်းထူထောင်လိုက်သည့် ပေါင်းကူးဘဏ်ထံ လွှဲပြောင်းပေးခဲ့ပြီး ဘဏ်တွင် ငွေအပ်နှံသူအားလုံးအနေဖြင့် မတ်လ ၁၃ ရက် မနက်ပိုင်းမှစပြီး ၎င်းတို့၏ ငွေများကို ရယူနိုင်ခွင့် ရှိလိမ့်မည်ဖြစ်သည်ဟု ပြောသည်။
ဘဏ်အနေဖြင့် နောက်ထပ် အချက်အလက်များကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မေယိုပေါ်လို့စ်က ဖောက်သည်များထံ ပေးစာတွင် ပြောသည်။
“Silicon Valley Bank ရဲ့ ဖောက်သည်တွေနဲ့ သိကျွမ်းရဖို့ ကျွန်တော် စောင့်စားနေပါတယ်။ ကျွန်တော်ဟာ ဆိုရင် ဒီလိုမျိုး အခြေအနေတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရှိထားပြီး ဒီနေရာမှာ လာတာဝန်ယူတာဖြစ်ပါတယ်။ ၂၀၀၈-၀၉ ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်းမှာ Fannie Mae ကို ပူးပေါင်းခဲ့တဲ့ ဦးဆောင်သူအဖွဲ့သစ်မှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း ၂၀၁၂ ကနေ ၂၀၁၈ အထိ Fannie Mae ရဲ့ စီအီးအိုအဖြစ် ထမ်းဆောင်ခဲ့ပါတယ်” ဟု မေယိုပေါ်လို့စ် က စာထဲတွင် ရေးထားသည်။