ထိုင်း လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦး အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

ထိုင်း လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦး အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်
Photo - AFP

ထိုင်းနိုင်ငံတွင် တော်ဝင် အသရေဖျက်မှု စွဲချက်များဖြင့် ရင်ဆိုင်နေရသော လူငယ်ဆန္ဒပြသူ နှစ်ဦးသည် ၎င်းတို့ ရက်ရှည်ဆင်နွှဲလာသော အစာငတ်ခံ ဆန္ဒပြမှုကို ယခုအခါ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မတ်လ ၁၁ ရက်က ထုတ်ဖော်ပြောဆိုသည်။ ၎င်းတို့နှစ်ဦး၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးနိုင်သည့်အပေါ် ဆရာဝန်များက စိုးရိမ်မှုများ ရှိခဲ့ပြီးနောက် အစာငတ်ခံ ဆန္ဒပြမှုကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော ဥပဒေများအနက် တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ တော်ဝင် ဥပဒေများကို ဖျက်သိမ်းရေးအပေါ် ထောက်ခံရေးအတွက် နိုင်ငံရေးပါတီများကို တိုက်တွန်းရန် အသက် ၂၁ နှစ်ရှိ တန်တာဝန် တူယာတူလာနွန်နှင့် အသက် ၂၃ နှစ်ရှိ အိုရာဝန် ဖူပေါင်တို့က ဇန်နဝါရီ ၁၈ ရက်တွင် အစာငတ်ခံ ဆန္ဒပြမှုကို စတင်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထို အမျိုးသမီးငယ်နှစ်ဦး၏ ဆန္ဒပြမှုက မတ်လ ၈ ရက်တွင် ရက် ၅၀ ပြည့်မြောက်ခဲ့သည်။ ၎င်းတို့သည် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေး ယိုယွင်းလာသဖြင့် ပြီးခဲ့သည့်လက ထိန်းသိမ်းခံထားရမှုမှ ပြန်လွတ်ခဲ့သည်။

“မိမိတို့ ဆက်လက် တိုက်ပွဲဝင်နိုင်အောင်လို့ မိမိတို့ အသက်တွေကို ကယ်ဖို့ ဒီအစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ရတယ် ဆိုတာကို အများပြည်သူကို အသိပေးပြောဆိုလိုပါတယ်” ဟု တန်တာဝန်က မတ်လ ၁၁ ရက် ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ပြောသည်။

“အချိန်ကာလကြာ အစားမစား၊ ရေမသောက်တာကြောင့် မိမိတို့ရဲ့ ကျောက်ကပ်တွေနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်မယ့်အပေါ် ဆေးဘက်အမှုထမ်းတွေက အင်မတန် စိုးရိမ်နေကြတယ်”

၎င်းတို့ သတိရှိနေသေးပြီး ဆက်သွယ်ပြောဆိုနိုင်သေးကြောင်းကို ထိုပို့စ်က ပြသနေသည်။

“မိမိတို့ဟာ အန္တရာယ်ဇုန်ကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပေမယ့် သမ်မာဆတ် ဆေးရုံရဲ့ စောင့်ကြည့်ကုသမှုကို ခံယူဖို့ လိုနေဆဲပါ” ဟု တန်တာဝန်က ပြောသည်။ အခြားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ထိန်းသိမ်းထားခြင်းမှ ပြန်လွှတ်ပေးရေး အာဏာပိုင်များကို ၎င်းတို့ တောင်းဆိုထားကြောင်း တန်တာဝန်က ပြောသည်။

အဆိုပါ ထိုင်းလူငယ်တက်ကြွလှုပ်ရှားသူနှစ်ဦးသည် ၂၀၂၂ ခုနှစ်က ဘန်ကောက်ရှိ သီးခြား ဆန္ဒပြပွဲနှစ်ခုနှင့်ပတ်သက်ပြီး တော်ဝင် အသရေဖျက်မှု ဥပဒေဖြင့် တရားစွဲခံထားရသည်။

စီရင်ချက် ပြစ်ဒဏ်ချခံရသူတို့အနေဖြင့် စွဲချက်တစ်ခုစီအတွက် အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံနိုင်ရပြီး အဆိုပါ ဥပဒေသည် နိုင်ငံရေး အတိုက်အခံတို့အပေါ် ဖိနှိပ်ရာတွင် အသုံးပြုသည့် ဥပဒေဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများနောက်ပိုင်း အသက် အပြည့်သေးသူ ၁၇ ဦး အပါအဝင် လူပေါင်း ၂၀၀ ကျော်သည် lese majeste ဟု ခေါ်သည့် တော်ဝင်အသရေဖျက်မှု ဥပဒေအောက်တွင် တရားစွဲခံထားခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများက ပြောသည်။

မြို့တော် ဘန်ကောက်တွင်လည်း လူငယ်ထု ဦးဆောင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲများအတွင်း ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး မကြုံစဖူး တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြသည်။

ထိုင်းတွင် လာမည့် မေလ၌ ရွေးကောက်ပွဲများ ကျင်းပမည်ဟု မျှော်လင့်ရသည်။

ယခု အစာငတ်ခံ ဆန္ဒပြခဲ့ကြသော အမျိုးသမီးများ၏ နေထိုင်ပြုမူပုံကို စောင့်ကြည့်ပေးရန် မိသားစုများကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မေတ္တာရပ်ခံထားသည်။

နိုင်ငံ၏ အဓိက အတိုက်အခံပါတီဖြစ်သည့် ဖျူထိုင်းပါတီက ယခု တန်တာဝန်နှင့် အိုရာဝန်တို့၏ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကို ထောက်ခံခြင်းမပြုဘဲ ရှိနေသည်။ အကြောင်းမှာ ဖျူဖိုင်းပါတီအနေဖြင့် ရွေးကောက်ပွဲနီးနေချိန် အလွန်ပင် သတိထားဆင်ခြင်ရသည့် ဘုရင်စနစ်နှင့်ပတ်သက်သည့် မေးခွန်းတစ်ခုတွင် ပါဝင်ပတ်သက်မည်ကို မလိုလားခြင်းကြောင့်ဟု ယူဆရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း အဝါရောင် ရော်ဘာဘဲရုပ်ပုံများ ပါသည့် သရော်ထားသော ပြက္ခဒိန်တစ်ခု ရောင်းချမှုအတွက် အမျိုးသားတစ်ဦး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရပြီး အဆိုပါ ပြက္ခဒိန်ရောင်းချမှုက ဘုရင်ကို စော်ကားခြင်း ဖြစ်သည်ဟု ထိုင်းတရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly