စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ICC ထံတိုင်ကြားရန် NUG စီစဉ်

By မိုးသောက် (မဇ္ဈိမ)
06 March 2023
စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ICC ထံတိုင်ကြားရန် NUG စီစဉ်

နိုင်ငံအဝှမ်းတွင် စစ်ကောင်စီတပ်မှကျူးလွန်လျှက်ရှိသော အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) ထံတိုင်ကြားရန် စီစဉ်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။

ငါးဦးထက်ကျော်သည့်သတ်ဖြတ်မှုများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု အမျိုးသားညီညွတ်ရေး အစိုးရမှ သတ်မှတ်ထားပြီး အမှုပေါင်း ၃၀ ကျော်ကို စစ်ကောင်စီဘက်မှ ကျူးလွန်ထားကြောင်း ဆိုသည်။

“ ICC မှာတင်နိုင်ဖို့ကျနော်တို့ကြိုးပမ်းပါတယ်။ လက်ရှိအခြေအနေမှာ ICC က ကျနော်တို့ အမှုတွေကို လက်ခံဖို့အတွက် ဖိတ်ကြားထားပါတယ်။ တကယ်လို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးဖို့ဖြစ်လာရင် ဒီအမှုတွေ ကို တရားရုံးမှာ ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ “ NUG ၊ လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက မဇ္ဈိမသို့ပြောသည်။

စစ်တပ်၏ကျူးလွန်မှုများအပေါ် လူ့အခွင့်ရေးယန္တရားများကိုအသုံးပြုပြီး ကုလသမဂ္ဂအထွေထွေညီလာခံ တွင် နိုင်ငံရေးဆုံးဖြတ်မှုများ၊ အရေးယူမှုများ ရရှိသည်အထိ ပြုလုပ်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။

လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီသည် ၎င်းတို့ကိုအပြင်းအထန်ခုခံ တိုက်ခိုက်နေ သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ မုဒိန်မှုများကျူးလွန်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး ကို အစုအလိုက်ပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုပြုလုပ်ခဲ့သည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရသည့်အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များ အရ သိရသည်။

စစ်ကောင်စီဘက်မှ ကျူးလွန်နေသည့် အထက်ပါလုပ်ရပ်များအတွက် ပြင်းထန်စွာရှုတ်ချထားပြီး တရား မျှတမှုပြန်လည်ရရှိရေး အလေးနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ကြေညာ ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly