စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်

စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်
ဓာတ်ပုံ-ဖြိုးသီဟ

ရန်ကုန်၊ မတ် ၁၈ ။            ။ စားသုံးသူများ၏ အခွင့်အရေး ချိုးဖောက်ခံရပါက ဖုန်းဖြင့်လည်းကောင်း၊ တိုင်ကြားမှုပုံစံဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်က ပြောသည်။

“စားသုံးသူတွေရဲ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုရင် ဖုန်းဆက်ပြီးတော့ဖြစ်စေ၊ တိုင်ကြားမှုပုံစံတွေလည်း ဖြန့်ဝေပေးထားပါတယ်။ တိုင်ကြားမှုပုံစံနဲ့ဖြစ်စေ တိုင်ကြားနိုင်ပါတယ်” ဟု ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်က ပြောသည်။

ယင်းကဲ့သို့ စားသုံးသူများဖက်က တိုင်ကြားလာမှသာ စုံစမ်းစစ်ဆေးများပြုလုပ်ခြင်း၊ ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေအရ စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း အသိပညာပေးရေးကိုလည်း တစ်မျိုးသားလုံးအသွင်ဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“တိုင်ကြားခံရတဲ့လုပ်ငန်းရှင်ကို စားသုံးသူကာကွယ်ရေး ဥပဒေအရ နှစ်မျိုးအရေးယူလို့ရပါတယ်။ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကနေ စီမံခန့်ခွဲမှုပြစ်ဒဏ်အနေနဲ့ တစ်မျိုး၊ ပြစ်မှုနှင့် ပြစ်ဒဏ်အနေနဲ့တစ်မျိုး အရေးယူလို့ရပါတယ်” ဟု စားသုံးသူအကာကွယ်ပေးရေး ဗဟိုကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

စီမံခန့်ခွဲမှု ပြစ်ဒဏ်တွင် ပြင်းထန်စွာ သတိပေးခြင်းမှစ၍ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်တွင် ထောင်ဒဏ်အားဖြင့် ၃ နှစ်၊ ငွေဒဏ်အားဖြင့် ၅၀ သိန်း ချမှတ်နိုင်ကြောင်း ၎င်းကပြောသည်။

တိုင်ကြားမှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ထားသော စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရုံးများတွင် တိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly