အာဆီယံအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း မြန်မာပြည်တွင်းရေး၌ ဝင်စွက်ဖက်ခွင့် မရှိဟု စင်္ကာပူ ပြော

အာဆီယံအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း မြန်မာပြည်တွင်းရေး၌ ဝင်စွက်ဖက်ခွင့် မရှိဟု စင်္ကာပူ ပြော

ဖေဖော်ဝါရီလ ၂၈ ရက်

၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံခြင်း မရှိသော်လည်း အာဆီယံအုပ်စုအနေဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်စွက်ဖက်နိုင်ခွင့် မရှိဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပြောသည်။ စစ်ကောင်စီလက်အောက် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် “လမ်းဆုံး” တစ်ခုကို ဦးတည်နေပြီဟု မိမိအနေဖြင့် ထင်မြင်ယူဆကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုအတွင်း မြန်မာနှင့်ပတ်သက်ပြီး မေးမြန်းသည့် မေးခွန်းများကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖြေကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံသည် သက်ဆိုင်ပါဝင်သူ အသီးသီးကို အတူတကွပေါင်းစည်းစေရန်နှင့် ဘုံကိုယ်ပိုင်လက္ခဏာတစ်ရပ် ခိုင်မာစေရန် ရုန်းကန်နေခဲ့ရကြောင်း ၎င်းက ထောက်ပြသည်။

“အဲဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ်အကြာက အာဏာသိမ်းမှုက အကူအညီ မဖြစ်တဲ့အပြင် ပိုဆိုးစေခဲ့တယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ “ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ခုချိန်မှာ တစ်ဖက်ပိတ်လမ်း၊ လမ်းဆုံးတစ်ခုကို ရောက်နေတယ်လို့ ထင်ပါတယ်။ အဲဒါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အောင်မြင်စေမယ့် လမ်းတစ်ခုကို သွားနေတာ မဟုတ်ပါဘူး”

မည်သို့ ဆိုစေကာမူ အခြားသော အာဆီယံနိုင်ငံများကဲ့သို့ပင် စင်္ကာပူသည် “ပြည်တွင်းရေးတွင် ပြည်ပ ဝင်စွက်ဖက်ခြင်း” ကို ဆန့်ကျင်သလို ယခု မြန်မာ့အကျပ်အတည်းသည် ပြည်တွင်းရှိ သက်ဆိုင်ပတ်သက်သူများက ပြည်သူတို့၏ အနာဂတ်အတွက် တစ်ဦးနှင့်တစ်ဦး ရိုးသားဖြောင့်မတ်စွာ ဆွေးနွေးပြောဆိုမှသာလျှင် ဖြေရှင်းနိုင်လိမ့်မည်ဟု စင်္ကာပူက ယုံကြည်နေသည်။

“မိမိတို့ဟာ မြန်မာစစ်အာဏာသိမ်းမှုကို ရှင်းရှင်းလင်းလင်း သဘောမတူဘူး၊ လက်ရှိစစ်အုပ်စုကို အသိအမှတ် မပြုဘူး ဆိုပေမယ့် အဲဒါက မြန်မာပြည်တွင်းရေးမှာ ဝင်စွက်ဖို့ အာဆီယံကို အခွင့်လိုင်စင် မပေးဘူး ဆိုတာကို မိမိတို့ သဘောပေါက်နားလည်ရလိမ့်မယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးမူဝါဒအကြီးအကဲတို့အကြား အစည်းအဝေးတစ်ခု လုပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကို မေးမြန်းခဲ့သည်။

ယင်းအစည်းအဝေးက အာဆီယံ အစည်းအဝေးတစ်ခု မဟုတ်သလို စစ်ကောင်စီကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ပြောဆိုထားသည့် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့မှ ထိပ်တန်းသံတမန်များ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း မရှိပေ။

ထို အစည်းအဝေး တက်ခဲ့ကြသူများသည် မြန်မာ၏ အနီးဆုံး အိမ်နီးချင်းများ ဖြစ်သလို “ဒုက္ခသည်များ စီးဝင်မှု အန္တရာယ်” နှင့် ရင်ဆိုင်နေရသည်ဟု ထင်မြင်ကြောင်းနှင့် ယင်းအတွက်ကြောင့် အဆိုပါနိုင်ငံများသည် ဖြေရှင်းနည်းလမ်းတစ်ခုကို မြင်ရရန် အလျင်လိုနေလိမ့်မည် ဖြစ်ပြီး အာဏာသိမ်းမှုအလွန် အကျပ်အတည်းကို ဖြေရှင်းမည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ညှိနှိုင်းရန် ပြင်ဆင်ကောင်းပြင်ဆင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly