ပူတင် မိန့်ခွန်းပြောစဉ် ခေါက်ဆွဲများ နားရွက်ချိတ်ထားသည့် လွှတ်တော်အမတ် အပြစ်ပေးခံရမည် 

ပူတင် မိန့်ခွန်းပြောစဉ် ခေါက်ဆွဲများ နားရွက်ချိတ်ထားသည့် လွှတ်တော်အမတ် အပြစ်ပေးခံရမည် 

ဖေဖော်ဝါရီလ ၂၅ ရက်

သမ္မတ ပူတင်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်း ပြောစဉ်အတွင်း ခေါက်ဆွဲများ နားရွက်တွင် ချိတ်ထားခဲ့သည့် ရုရှလွှတ်တော်အမတ်တစ်ဦးကို အပြစ်ပေးမည်ဖြစ်ကြောင်း ပါတီက အတည်ပြုသည်။ 

ဆာမာရာ ဒေသဆိုင်ရာ လွှတ်တော်မှ အမတ်ဖြစ်သည့် မီခေးလ် အက်ဘ်ဒယ်ကင်ကို အင်္ဂါနေ့က ပူတင်၏ မိန့်ခွန်းပြောစဉ်အတွင်း လှောင်ပြောင်သရော်ခြင်းအတွက် အပြစ်ပေးမည်ဟု ရုရှ ကွန်မြူနစ်ပါတီက ကတိပြုသည်။ 

ဒေသိယစကား (idiom) တွင် “တစ်ယောက်ယောက်က ခေါက်ဆွဲ နားရွက်ချိတ်” သည်ဆိုခြင်းက တစ်ယောက်ယောက် လိမ်ညာနေသည်ဟု ဆိုခြင်း ဖြစ်သည်။ “ငါ့ နားရွက်မှာ ခေါက်ဆွဲ မချိတ်ပါနဲ့” ဆိုသော ပြောဆိုမှုသည် “ငါ့ကို အရူးမလုပ်နဲ့” သို့မဟုတ် “ငါ့ကို လာမလိမ်နဲ့” ဟု ဆိုခြင်းပဲ ဖြစ်သည်။ 

အက်ဘ်ဒယ်ကင်သည် ပူတင် မိန့်ခွန်းပြောနေသည်ကို စက္ကရင်မှ ကြည့်ရှုနေရာ၌ ခေါက်ဆွဲများကို နားရွက်တွင် ချိတ်ထားပြီး ကြည့်ရှုနေသည်ကို လူမှုမီဒီယာ၌ ဗီဒီယိုပို့စ် တင်ခဲ့ခြင်း ဖြစ်သည်။  

လွန်ခဲ့သည့် တစ်နှစ်က ယူကရိန်းအား ကျူးလွန်စစ်ကို အကဲဖြတ်သည့် ပူတင်၏ မိန့်ခွန်းပြောဆိုမှုကို စက္ကရင်၌ ကြည့်ရင်း ပို့စ်တင်ရာတွင် “ကျွန်တော် အပြည့်အဝကြီးကို ထောက်ခံတယ်၊ အားလုံးကို သဘောတူတယ်၊ အကောင်းတကာ့ အကောင်းဆုံး မိန့်ခွန်းပဲ၊ ၂၃ နှစ်အတွင်း ဒီလို မိန့်ခွန်းမျိုး မကြားဖူးဘူး၊ အံ့ဩဘနန်းပ”ဟုလည်း ရေးသားကာ တင်ခြင်းဖြစ်သည်။ 

အဆိုပါ ဗီဒီယိုက လူမှုမီဒီယာတွင် ပြန့်နှံ့သွားသည့်နောက်တွင် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရုရှကွန်မြူနစ်ပါတီ ပြောခွင့်ရသူ အလက်ဇန္ဒြား ယူရှာချန်ကိုက ကြာသပတေးနေ့တွင် အတည်ပြုသည်။ “ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”ဟု ယူရှာချန်ကိုက ဆိုသည်။ 

ယခု ဗီဒီယိုက ရုရှလွှတ်တော်အမတ်တစ်ဦး၏ ကို့ရိုကားယားနိုင်သော ဗီဒီယိုပဲဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် အလက်ဇန္ဒြား ကင်ရှာတိန်းက မကျေမနပ် ပြောဆိုသည်။ 

“ဒါဟာ ကို့ရို့ကားယား အတော်နိုင်တာပဲ၊ ယူကရိန်းက လွှတ်တော်အမတ်ဆိုရင်တော့ မပြောလိုဘူး၊ ခုဟာက ရုရှအမတ်က လုပ်တာလေ”ဟု ကင်ရှာတိန်းက ဆိုသည်။ “ကျွန်တော်တော့ ကွန်မြူနစ်ခေါင်းဆောင်ပိုင်းက သူ့ကို အရေးယူလိမ့်မယ်လို့ မျှော်လင့်တယ်ဗျာ၊ သမ္မတကို သူတို့ ထောက်ခံတယ်ဆိုရင်တော့ သူ့နောက်မှာ ရှိနေရမှာက ပြောစရာကို မလိုဘူး”ဟု ၎င်းက ပြောသည်။ 

ပူတင်၏ နိုင်ငံတော် အခြေပြုမိန့်ခွန်းတွင် ယူကရိန်း၌ ၎င်း ဆင်နွှဲနေသော စစ်ပွဲ ဒုတိယနှစ်အတွက် ရည်မှန်းချက်များကို ချပြခဲ့သည်။ ယင်း မိန့်ခွန်းမတိုင်မီ တစ်ရက်က အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် ယူကရိန်းသို့ အံ့အားသင့်စဖွယ် ရထားဖြင့် ခရီးစဉ် ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly