တူရကီတွင် အားပြင်းငလျင် ထပ်လှုပ်၍ လူ ၃ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရ

တူရကီတွင် အားပြင်းငလျင် ထပ်လှုပ်၍ လူ ၃ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၁ ရက်

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက လူပေါင်း သောင်းချီ သေဆုံးခဲ့ရသည့် အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် ယမန်နေ့ ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခဲ့သည့်အတွက် အနည်းဆုံး လူ သုံးဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ယခု ထပ်လှုပ်သည့် ငလျင်ကြောင့် အဆောက်အအုံများ ထပ်မံပြိုကျပြီး လူတချို့ ပိတ်မိနေသလို တစ်ချိန်တည်းမှာပင် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင်လည်း ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၂၀ ရက်တွင် လှုပ်သည့် ငလျင်သည် တူရကီ၏ ဟာတေး ပြည်နယ် ဒက်ဖ်န် မြို့တွင် ဗဟိုပြုလှုပ်ခဲ့ခြင်း ဖြစ်သည်။ ဟာတေးပြည်နယ်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၆ ရက်က လှုပ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အားပြင်းငလျင်ဒဏ်ကို အဆိုးဆုံး ခံခဲ့ရသော ဒေသတစ်ခုလည်း ဖြစ်သည်။

ငလျင်လှုပ်မှုကို ဆီးရီးယား၊ ဂျော်ဒန်၊ ဆိုက်ပရပ်စ်၊ အစ္စရေးနှင့် အဝေးဆုံး အီဂျစ်နိုင်ငံတို့တွင်လည်း ခံစားသိရှိခဲ့ပြီး ပြင်းအား ၅ ဒသမ ၈ ရှိ ဒုတိယမြောက် နောက်ဆက်တွဲငလျင်တစ်ခုလည်း လှုပ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် လူသုံးဦး သေဆုံးပြီး ၂၁၃ ဦး ဒဏ်ရာရရှိကြောင်း တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆွိုင်လူက ပြောသည်။

လူခြောက်ဦး ပိတ်မိနေသည်ဟု ယုံကြည်ရသည့် ပြိုကျအဆောက်အုံ သုံးခုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ဟာတေးပြည်နယ်တွင် သုံးထပ် အဆောက်အအုံတစ်ခု၌ ပိတ်မိနေသူတစ်ဦးကို ရဲများက ကယ်ထုတ်ပေးခဲ့ပြီး အဆောက်အအုံအတွင်းတွင် ရှိနေသည့် နောက်ထပ် လူသုံးဦးကို ကယ်ဆယ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း HaberTurk ရုပ်သံက ထုတ်လွှင့်ဖော်ပြသည်။

ယခု ပိတ်မိနေသူများထဲတွင် အားပြင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံမှ ပရိဘောဂများနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို ကူညီ ရွှေ့ပြောင်းပေးနေသူများ ပါဝင်ကြောင်း အဆိုပါရုပ်သံက ဖော်ပြသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly