ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံသတင်းစာ ထုတ်ဝေခွင့် အပိတ်ခံရ

ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံသတင်းစာ ထုတ်ဝေခွင့် အပိတ်ခံရ

ဖေဖော်ဝါရီလ ၂၀ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိကအတိုက်အခံပါတီ၏ တစ်ခုတည်းသော သတင်းစာကို ထုတ်ဝေခွင့် ရပ်ဆိုင်းခိုင်းသည့် အစိုးရညွှန်ကြားချက်တစ်ရပ် အတည်ပြုထွက်ပေါ်ပြီးနောက် ဖေဖေါ်ဝါရီ ၂၀ ရက်တွင် အဆိုပါသတင်းစာ၏ ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။ ယင်းက အဆိုပါတောင်အာရှနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။

ဝေဖန်မှုများကို အသံတိတ်စေရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရ၏ ကြိုးပမ်းမှုများနှင့် နိုင်ငံတွင် တစ်စတစ်စ ဆိုးလာသည်ဟု ရှုမြင်ရသော အာဏာရှင်ဆန်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူများနှင့် အမေရိကန်အပါအဝင် ပြည်ပအစိုးရများက ကာလကြာကတည်းက ထုတ်ဖော်ခဲ့ကြသည်။

ဘင်္ဂါလီဘာသာဖြင့် ထုတ်ဝေသည့် Dainik Dinkal သတင်းစာသည် ဆယ်စုနှစ်သုံးစုကျော်ကြာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ၏ အခရာကျသော အသံဖြစ်ခဲ့သည်။ ထိုသတင်းစာတိုက်တွင် ရာနှင့်ချီသော ဂျာနယ်လစ်များနှင့် သတင်းမီဒီယာလုပ်သားများ လုပ်ကိုင်နေကြသည်။

နိုင်ငံတွင် အစိုးရလိုလားထောက်ခံသော စီးပွားရေးသမားများ ထိန်းချုပ်ထားသည့် သတင်းစာအများစုအပါအဝင် အဓိကသတင်းစာများတွင် ရေးသားဖော်ပြလေ့ သိပ်မရှိသော သတင်းစတိုရီများကို Dainik Dinkal သတင်းစာက ဖော်ပြလေ့ ရှိသည်။

ထိုသို့ ဖော်ပြမှုများတွင် BNP တက်ကြွလှုပ်ရှားသူများ မကြာမကြာ ဖမ်းဆီးခံရမှုဖြစ်စဉ်များနှင့် ပါတီထောက်ခံသူများအပေါ် အတုအယောင် အမှု ထောင်ချီ ဖွင့်လှစ်ခံထားရသည်ဆိုသည့် ပါတီ၏ ပြောဆိုချက်များကို ထိုသတင်းစာက ဖော်ပြခဲ့သည်။

သတင်းစာ ထုတ်ဝေမှုကို ပိတ်ရန် ဒါကာ ခရိုင် အာဏာပိုင်များက ဒီဇင်ဘာ ၂၆ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သော်လည်း တရားရုံးချုပ် အဆင့်မြင့်တရားသူကြီးတစ်ဦး ဦးဆောင်သော မီဒီယာကောင်စီထံ အသနားခံမှု တင်ပြထားပြီးနောက် ဆက်လက်ထုတ်ဝေခဲ့ကြောင်း အဆိုပါ အတိုက်အခံသတင်းစာ၏ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ရဲ့ ပန်ကြားချက်ကို မနေ့က (ဖေဖေါ်ဝါရီ ၁၉) ကောင်စီက ပယ်ချခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ဝေမှုကို ရပ်ဆိုင်းဖို့ ခရိုင်တရားသူကြီးရဲ့ အမိန့်ကို ဆက်ပြီးအတည်ပြုခဲ့တာဖြစ်တယ်” ဟု သတင်းစာ၏ စီမံခန့်ခွဲမှုအယ်ဒီတာ ရှမ်ဆာ ရာမန် ရှီမူလ် ဘစ်ဝက်စ်က အေအက်ဖ်ပီကို ပြောသည်။

သတင်းစာသည် နိုင်ငံ၏ ပုံနှိပ်ထုတ်ဝေမှု ဥပဒေများကို ချိုးဖောက်ခဲ့သဖြင့် ထုတ်ဝေခွင့်ပါမစ် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီက မိတ္တူတောင်းခံရရှိခဲ့သည့် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

သတင်းစာ၏ ထုတ်ဝေသူဖြစ်သလို BNP ၏ ခေတ္တအကြီးအကဲ တာရီကွီး ရာမန်သည် ပြစ်ဒဏ်ချမှတ်ခံထားရသူတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းသည် ၎င်း၏အလုပ်ကို အခြားသူတစ်ဦးထံ လွှဲမပေးဘဲ ပြည်ပတွင် နေထိုင်နေသူဖြစ်ကြောင်း ကောင်စီက ပြောသည်။

လက်ရှိတွင် လန်ဒန်တွင် နေထိုင်လျက်ရှိသော ရာမန်သည် ၎င်း၏ နုတ်ထွက်မှုကို တင်ပြခဲ့ပြီး ထုတ်ဝေသူသစ်တစ်ဦးကို တာဝန်ပေးထားကြောင်းနှင့် အပြောင်းအလဲများကို အာဏာပိုင်များကသာ လက်မခံခဲ့ခြင်းဖြစ်ကြောင်း ဘစ်ဝက်စ်က ပြောသည်။

“ဒီ ပိတ်သိမ်းမှုကတော့ နိုင်ငံမှာ အစိုးရက သူတို့နဲ့ အမြင်မတူကွဲလွဲတဲ့ အသံတွေကို ဖြိုခွင်းဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အပေါ် ဖိနှိပ်ဖို့ လုပ်တာဖြစ်တယ်” ဟု ဘစ်ဝက်စ်က ပြောသည်။

ယခု အဓိကအတိုက်အခံ သတင်းစာ ပိတ်သိမ်းမှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖေါ်ဝါရီ ၂၀ ရက်တွင် မှတ်ချက်ပေးခြင်း မရှိပေ။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly