ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာမှုက ထိုင်း စီးပွားရေးကို မြှင့်တင်ပေးသော်လည်း ပို့ကုန်တင်ပို့မှုက လေးလံနှေးကွေးနေ

ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာမှုက ထိုင်း စီးပွားရေးကို မြှင့်တင်ပေးသော်လည်း ပို့ကုန်တင်ပို့မှုက လေးလံနှေးကွေးနေ

ဖေဖော်ဝါရီလ ၂၀ ရက်

ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမှုနှင့် စားသုံးသူ (သုံးစွဲသူ) ယုံကြည်မှု အားကောင်းခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည် ဆိုသော်လည်း ပို့ကုန်တင်ပို့မှုပိုင်း နှေးကွေးနေမှုက စီးပွားရေးတိုးတက်မှုကို ဆွဲချနေကြောင်း ထိုင်းတာဝန်ရှိသူများက ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ပြောသည်။

ထိုကိန်းဂဏန်းက မျှော်မှန်းချက်များအောက်တွင် ရောက်နေပြီး အစောပိုင်းနှစ်၏ တိုးတက်မှုနှုန်းက ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး ဖြစ်သည့် ထိုင်းစီးပွားရေးသည် စတုတ္ထ သုံးလပတ်တွင် အရှိန်လျော့ကျသွားပြီး တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းသာလျင် ရှိခဲ့ကာ အစောပိုင်း သုံးလပတ်၏ ၄ ဒသမ ၆ ရာခိုင်နှုန်းနှင့် ယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း ထိုင်း၏ နိုင်ငံတော် စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးမှု ကောင်စီထံမှ သိရသည်။

“ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတာအပြင် ပုဂ္ဂလိက စားသုံးမှု (သုံးစွဲမှု) နဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ပြည်တွင်းဝယ်လိုအား ဆက်လက် တိုးတက်ခဲ့တာတို့က စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်တွန်းအားပေးခဲ့ပါတယ်” ဟု ကောင်စီက ပြောသည်။

ယခင်က နိုင်ငံ၏ အမျိုးသားဝင်ငွေ၏ ငါး ပုံတစ်ပုံခန့်ကို ထည့်ဝင်ပေးခဲ့သော ထိုင်းဘုရင့်နိုင်ငံ၏ အဓိက ခရီးသွားလုပ်ငန်းသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း နယ်စပ် ကန့်သတ်ပိတ်ပင်မှုများကြောင့် ရိုက်ခတ်ခံထားခဲ့ရသည်။

ယမန်နှစ်က နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ၁၁ ဒသမ ၂ သန်းနှင့်အတူ ခရီးသွားဝင်ရောက်မှုဦးရေက ဖြည်းဖြည်းမှန်မှန် တစ်ဖန် တိုးတက်နေခဲ့သော်လည်း ၂၀၁၉ ခုနှစ်က မှတ်တမ်းတင်ထားခဲ့သည့် ခရီးသွားဦးရေ သန်း ၄၀ ကို လိုက်မီရန် အတော်ပင် အလှမ်းဝေးနေဆဲဖြစ်သည်။

ထိုင်းအာဏာပိုင်တို့သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ခရီးသွားများ ပြန်လည်လာရောက်မည့်အပေါ် လုံးလုံးလျားလျား ပုံ၍ အားကိုးလျက် ရှိသည်။ တရုတ်သည် ယခင်က ခရီးသွားများ၏ အကြီးဆုံးရင်းမြစ် ဖြစ်ခဲ့သည်။

အခြားသော ကဏ္ဍများအနက် ကုန်စည်ပစ္စည်း တင်ပို့မှုများက စတုတ္ထသုံးလပတ်တွင် နှေးကွေးလေးလံနေခဲ့ပြီး ထိုမတိုင်မီ အမေရိကန်နှင့် ဥရောပမှ ဝယ်လိုအား အားနည်းနေခဲ့သည်။

၂၀၂၂ တွင် စုစုပေါင်း ငွေကြေးဖောင်းပွမှုက ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သော်လည်း ပုဂ္ဂလိက စားသုံးမှု (သုံးစွဲမှု) က တစ်နှစ်တာအတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ထိုင်းစီးပွားရေးသည် ယခုနှစ်တွင် ၂ ဒသမ ၇ နှင့် ၃ ဒသမ ၇ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟု ကောင်စီက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံသည် မညီမညာ၊ မပြေမပြစ် ဖြစ်သော စီးပွားရေး နာလန်ထမှုတစ်ရပ်နှင့် ကြုံတွေ့နေရသည်ဆိုသည်ကို ယခုဒေတာအချက်အလက်များက ပြသနေကြောင်း ကော်မာရှယ် ဘဏ်လုပ်ငန်းကုမ္ပဏီ Kiatnakin Phatra Securities ၏ စီးပွားရေးပညာရှင် ပီပတ် လူအန်နာရူမစ်ချိုင်းက ပြောသည်။

“ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထမှု အားကောင်းတာကြောင့် တိုးတက်မှုနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ လူတွေက မျှော်မှန်းနေကြတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

သို့သော် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်မှုက ဘန်ကောက်၊ ဖူးခက်၊ ပတ္တယားနှင့် ချင်းမိုင်တို့တွင်သာ စုစည်းဖြစ်ပေါ်နေနိုင်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရဲ့ ကျန်နေရာဒေသတွေမှာတော့ နှေးကွေးလေးလံတဲ့ နာလန်ထမှု အခြေအနေတစ်ရပ်ကို ဆက်ပြီး တွေ့ရပါလိမ့်မယ်” ဟု ပီပတ်က ဆိုသည်။

ပို့ကုန်များအပိုင်းတွင် နှေးကွေးမှုက ကမ္ဘာလုံးဆိုင်ရာ ဦးတည်ရာအလားအလာတစ်ခု၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ထိုင်းနိုင်ငံသုံးငွေကြေးတန်ဖိုး အားကောင်းမှုကလည်း သိပ်ပြီး အကူအညီမဖြစ်စေပါဘူး။ ပြီးတော့ မေလလောက်မှာ လုပ်မယ်လို့ မျှော်လင့်ရတဲ့ လာမယ့် ရွေးကောက်ပွဲကလည်း မသေချာမရေရာမှုကို ဖြစ်စေနိုင်သလို ရင်းနှီးမြှုပ်နှံသူတွေနဲ့ စားသုံးသူ (သုံးစွဲသူ) တွေက “စောင့်ဆိုင်း၊ ကြည့်ရှုမှု” နည်းလမ်းကို ကိုင်စွဲစေရန် စေ့ဆော်ပေးနိုင်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly