စားနပ်ရိက္ခာအကူအညီ လျှော့ချခံရမည့်အရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်များ စိတ်ပျက်အားငယ်

စားနပ်ရိက္ခာအကူအညီ လျှော့ချခံရမည့်အရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်များ စိတ်ပျက်အားငယ်

 

ဖေဖော်ဝါရီလ ၂၀ ရက်

မကြာမီ ကြုံတွေ့ရမည့် စားနပ်ရိက္ခာအကူအညီ လျှော့ချမှုက ဘင်္ဂလားဒေ့ရှ်ရှိ ပြန့်ကျဲရှိနေသော ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည့် ရိုဟင်ဂျာ တစ်သန်းခန့်အတွက် “အကြီးအကျယ် ထိခိုက်စေသော” သက်ရောက်မှုတစ်ခု ရှိလာလိမ့်မည် ဖြစ်ကြောင်း အဆိုပါ နိုင်ငံမဲ့လူနည်းစုအသိုင်းအဝိုင်းမှ အစုအဖွဲ့ခေါင်းဆောင်များက ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ရိုဟင်ဂျာ အမြောက်အမြား နယ်စပ်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရောက်ရှိခဲ့ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရိုဟင်ဂျာများအတွက် အကူအညီပေးမှုကို လျှော့ချသွားတော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ကြေညာသည်။

လိုအပ်နေသည့် ရန်ပုံငွေပမာဏ ဒေါ်လာ ၁၂၅ သန်းကို ထေကာမိစေရန်အလို့ငှာ ရိုဟင်ဂျာတို့အတွက် လစဉ် အစားအစာ ကူပွန်များကို မတ်လမှစပြီး လူတစ်ဦးလျှင် ၁၂ ဒေါ်လာမှ ၁၀ ဒေါ်လာသို့ လျှော့ချသွားမည် ဖြစ်ကြောင်း အေဂျင်စီက ပြောသည်။ ထို့ပြင် ချက်ချင်းလက်ငင်း ရန်ပုံငွေ တိုးမြင့်နိုင်ခြင်း မရှိပါက နောက်ထပ် ရိက္ခာ ဖြတ်တောက်မှုများလည်း ဖြစ်လာလိမ့်မည်ဟု အေဂျင်စီက ပြောသည်။

“ရိုဟင်ဂျာတွေအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုက လျော့ကျနေပြီ ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ပါတယ်” ဟု ဒုက္ခသည်စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာ အစုအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆေယက်ဒူလာက အေအက်ဖ်ပီကို ပြောသည်။

“ဒါပေမယ့် WFP ရဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် ဒီစခန်းတွေမှာ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုကို ဖြစ်စေပါလိမ့်မယ်”

ရိက္ခာ ဖြတ်တောက်မှုက ဒုက္ခသည်စခန်းများ၌ အမှုအခင်းများကို ပိုမိုဆိုးဝါးစေလိမ့်မည် ဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးများက အဆိုးဆုံးခံစားရလိမ့်မည် ဖြစ်ကြောင်း နောက်ထပ် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာလီမူလာက ပြောသည်။

“ဒါကတော့ အကြီးအကျယ် ထိခိုက်စေမယ့် ထိုးနှက်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။ “အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုပိုင်းမှာလည်း မြင့်တက်ပါလိမ့်မယ်”

မြန်မာတွင် ၂၀၁၇ ခုနှစ် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြရပြီး လူသတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုနှင့် မီးရှို့ခံရမှုတို့နှင့်ပတ်သက်သည့် ထိတ်လန့်စိတ်ပျက်ဖွယ် ဖြစ်စဉ် ပြောကြားချက်များလည်း ထွက်ပေါ်ထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် များပြားလှသော ဒုက္ခသည်များကို ပံ့ပိုးထောက်ပံ့ပေးနိုင်ရန် ရုန်းကန်နေရသလို ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်သွားနိုင်ရန် သို့မဟုတ် အခြားတစ်နေရာရာတွင် ပြောင်းရွှေ့အခြေချနေထိုင်ရန် အလားအလာများကလည်း ခပ်ရေးရေးမျှသာ ရှိနေသည်။

ကော့ဇ် ဘဇား ခရိုင်ဝန်းကျင်ရှိ စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာများသည် အလုပ်အကိုင် ရှာဖွေခွင့် မရကြဘဲ ၎င်းတို့ အသက်ရှင်ရပ်တည်နေထိုင်ရန် အကန့်အသတ်ရှိ လူသားချင်းစာနာမှု အကူအညီများအပေါ်တွင်လည်း လုံးလုံးလျားလျားနီးပါး မှီခိုနေကြရသည်။

ရိုဟင်ဂျာ ကလေးငယ် ရှစ်ဦးတွင် တစ်ဦးနီးပါးသည် အာဟာရချို့တဲ့မှုကို ခံစားနေရကြောင်းနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့်သည် သွေးအားနည်းနေကြောင်း WFP က ပြောသည်။

ဒုက္ခသည် အများအပြားသည် ယခုထက် ပိုမိုကောင်းမွန်သော ဘဝများကို ရှာတွေ့နိုင်ရေး မျှော်လင့်ရင်း စခန်းများမှ ထွက်ခွာပြီး အန္တရာယ်အလွန်များသော ပင်လယ်ပြင်ခရီးကို စွန့်စားဖြတ်ကျော်ရန် ကြိုးပမ်းထားကြပြီး ယမန်နှစ်က ထိုကဲ့သို့ ထွက်ခွာသူဦးရေ ၂,၀၀၀ ကျော် ရှိခဲ့ကြောင်း ကုလဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောသည်။

ယမန်နှစ်က ယင်းကဲ့သို့သော ပင်လယ်ပြင် ခရီးများအတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါးခန့် အသက်ဆုံးရှုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။

“ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ သေရေရှင်ရေး အခိုက်အတန့်တစ်ခုမှာ ရှိနေပြီး အကူအညီတွေ လျှော့ခံရမယ့်အစား ပိုပြီးတော့တောင် လိုနေပါတယ်” ဟု Save the Children မှ အွန်နို ဗန် မာနန်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ဆာလောင်ငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအပြင် ကလေးသူငယ် လက်ထပ်ပေးစားမှု၊ ကလေးအလုပ်သမား ခိုင်းစေမှုတွေ တိုးလာနေတယ်ဆိုတဲ သတင်းတွေ ကြားနေရတယ်။ နောက်ပြီး မိသားစုတွေဟာ သူတို့ရဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုကို ရဖို့ ပင်လယ်ပြင်မှာ အန္တရာယ်တွေအကြား စွန့်စားထွက်ခွာမှုတွေ ပိုများလာနေတယ်”

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly