ဒဏ်ခတ်ပိတ်ဆို့မှု ရှိလင့်ကစား မြန်မာ-အိန္ဒိယ ကုန်သွယ်မှု တိုးမြင့် 

ဒဏ်ခတ်ပိတ်ဆို့မှု ရှိလင့်ကစား မြန်မာ-အိန္ဒိယ ကုန်သွယ်မှု တိုးမြင့် 

ဖေဖော်ဝါရီလ ၁၈ ရက်

 

မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိလင့်ကစား အိန္ဒိယနှင့် မြန်မာကြားက အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် တိုးမြင့်ခဲ့သည်။ 
 

နှစ်ဖက်ကုန်သွယ်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံ ရှိပြီး ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း အိန္ဒိယအစိုးရ ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။ 
 

တရားဝင်အားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များကို COVID-19 ကပ်ဘေးများကြောင့် ၂၀၂၀ မတ်လတွင် ကုန်သွယ်မှု ပိတ်ထားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်လင့်ကစား တရားဝင်ပိတ်ထားသည့် နယ်စပ်တစ်လျှောက် နယ်စပ်ကုန်သွယ်ရေးက ပုံမှန်အတိုင်း ဆက်လက်ရှိနေသည်ဟု တမူး-ကလေး နယ်စပ်ကုန်သွယ်ရေးအသင်းက ဆိုသည်။ 
 

၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် အိန္ဒိယသို့ ကုန်စည် ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး တင်ပို့ခဲ့ရာ အများစုမှာ ဆန်၊ ပဲ၊ သစ်၊ သစ်တောထွက်ပစ္စည်း၊ သစ်သီးဝလံ၊ ကောက်ပဲသီးနှံနှင့် အခွံမာအသီးများ ဖြစ်ကြသည်။ 
 

ယင်းကာလအတွင်းမှာပင် အိန္ဒိယက မြန်မာသို့ ကုန်စည်တင်ပို့မှု ဒေါ်လာ ၁ ဘီလီယံနီးပါးရှိပြီး ဆေးဝါး၊ ဆေးဝါးထုတ်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဝါနှင့် စက်ယန္တရားများ အများစု တင်ပို့သည်။ 
 

အိန္ဒိယ၏ “အိမ်နီးချင်း ပထမ  မူဝါဒ”အားဖြင့် အိန္ဒိယနှင့် ကုန်တွင်းနယ်စပ် ထိစပ်သည့် နိုင်ငံများအားလုံးနှင့် ကုန်သွယ်မှုသည် ယင်း ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၄၁ ဒသမ ၆ ဘီလီယံရှိကြောင်း အိန္ဒိယအစိုးရအရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly