အင်ဒိုနီးရှား အနောက်ဘက်ကမ်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ကာ ရောက်ရှိ 

အင်ဒိုနီးရှား အနောက်ဘက်ကမ်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ကာ ရောက်ရှိ 

ဖေဖော်ဝါရီလ ၁၇ ရက်

အင်ဒိုနီးရှား အနောက်ဘက် ကမ်းရိုးတန်းသို့ အမျိုးသမီးနှင့် ကလေးများ အများစုပါဝင်သော ရိုဟင်ဂျာ ၆၉ ဦးသည် သစ်သားလှေဖြင့် ကမ်းကပ်ရောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း အာချေးပြည်နယ်က ကမ်းခြေတစ်ခုသို့ အဆိုပါ စက်လှေသည် ကမ်းကပ်လာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူ အိုခတီနာ ဟာဖန်တီက ပြောပြီး ပင်လယ်ဖြတ် ခရီးအတွင်း လှေပေါ်ပါ လူအချို့ သေဆုံးကြောင်း ခရီးသည်တစ်ဦးကလည်း ပြောသည်။ 

ယခု လှေသည် နိုဝင်ဘာလမှစကာ အင်ဒိုနီးရှားသို့ ကမ်းကပ်လာသည့် ခြောက်ခုမြောက် လှေပဲ ဖြစ်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖိစီးနှိပ်စက်မှုများမှ ထွက်ပြေးလာပြီးနောက် ရိုဟင်ဂျာ တစ်သန်းနီးပါးသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းများတွင် နေထိုင်နေရလျက် ရှိသည်။ 

နှစ်စဉ်နှစ်တိုင်းပင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ရှည်ကြာပြီး ဈေးကြီးသော ပင်လယ်ခရီးကို တစ်ခါတရံ အရည်အသွေး ညံ့သည့် စက်လှေများဖြင့် အသက်ဘေးစွန့်စားကာ ဖြတ်သန်းကြပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိရေး ကြိုးစားကြသည်။ 

“လက်ရှိမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ၆၉ ယောက်ကို ကျွန်တော်တို့ တွေ့ရှိတယ်”ဟု ဟာဖန်နီက ပြောသည်။ 

ယခု ဒုက္ခသည်များကို အနီးရှိ ယာယီခိုလှုံရေးစခန်းသို့ ပို့ဆောင်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။ 

ဒုက္ခသည်စခန်းဆီ ရောက်သည့်အခါ ၎င်းတို့ကို အာဏာပိုင်များက လူစစ်ခြင်း နှစ်ကြိမ် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဟာဖန်နီက ဆိုသည်။ 

ယခု လှေသည် လွန်ခဲ့သော သီတင်းနှစ်ပတ်က ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာလာခြင်းဖြစ်သည်ဟု ရှိုရီဖက်ဒင်ဆိုသည့် ဒုက္ခသည်က ပြောသည်။ 

အစားအစာ ပြတ်လပ်ခြင်းကြောင့် အချို့လူများ သေဆုံးရာ လှေဦးစီးက ခရီးလမ်းတွင်ပင် ပစ်ချခဲ့ကြောင်း ၎င်းက ပြောသည်။ 

“၁၅ ရက် လုံးလုံး သမုဒ္ဒရာထဲမှာ ကျွန်တော်တို့ ဒုက္ခတွေ့ရတယ်၊ အစားအစာ မလုံလောက်ဘူး”ဟု အသက် ၁၅ နှစ်အရွယ် ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

အင်ဒိုနီးရှားတွင် ပိုကောင်းမွန်သော ဘဝ ရမည် မျှော်လင့်ချက်ဖြင့် မိဘများ အပါအဝင် မိသားစုဝင် ခုနစ်ဦးနှင့်အတူ ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“ဘင်္ဂလားဒေ့ရှ်မှာ ကျွန်တော်တို့ကို ဒေသခံတွေက တော်တော်လေး နှိပ်ကွပ်ကြတယ်၊ အထက်တန်းပညာ သင်ကြားဖို့ အခွင့်အရေးလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း အင်ဒိုနီးရှားသို့ ရိုဟင်ဂျာဒုက္ခသည်များ တင်ဆောင်သော လှေငါးစီး ဆိုက်ရောက်ခဲ့ကာ ခရီးသည် စုစုပေါင်း ၇၀၀ နီးပါး ပါရှိခဲ့သည််။ 

၂၀၂၂ အတွင်း ဘေးများသော ခရီးကို ဖြတ်သန်းရန် ကြိုးစားသူပေါင်း ၂,၀၀၀ ကျော်မက ရှိမည်ဟု UNHCR အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly