ငလျင်ဒဏ် အကြီးအကျယ်ခံခဲ့ရသော တူရကီနှင့် ဆီးရီးယားသို့ ကုလအရာရှိ သွားရောက်

By UNOCHA
14 February 2023
ငလျင်ဒဏ် အကြီးအကျယ်ခံခဲ့ရသော တူရကီနှင့် ဆီးရီးယားသို့ ကုလအရာရှိ သွားရောက်

ဖေဖော်ဝါရီလ ၁၄ ရက်

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မာတင် ဂရစ်ဖစ်သည် တူရကီနှင့် ဆီးရီးယားရှိ ဖေဖေါ်ဝါရီ ၆ ရက် ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ဧရိယာများသို့ သွားရောက်သည်။

မာတင် ဂရစ်ဖစ်သည် လက်ရှိတွင် ဒမတ်စကတ်မြို့တွင် ရှိနေသည်။ ယနေ့မနက်က ၎င်းသည် အလက်ပိုကို ရောက်ရှိခဲ့ပြီး ငလျင်ကြောင့် မိမိတို့၏ ချစ်ခင်ရသူများနှင့် နေအိမ်များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများကို တွေ့ဆုံအားပေးနှစ်သိမ့်ခဲ့သည်။ ထို့ပြင် ၎င်းသည် အရေးတကြီး လူသားချင်းစာနာမှု အကူအညီများကို ဖြည့်ဆည်းရန် မမောမပန်းနိုင် လုပ်ကိုင်နေသော အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ၊ အကူအညီပေးရေးလုပ်သားများနှင့်လည်း တွေ့ဆုံသည်။

အလက်ပိုမြို့တွင် ၎င်းနှင့် တွေ့ဆုံစကားပြောခဲ့သူများ၏ စိတ်ဒဏ်ရာများကို မြင်သာနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းသည် ကမ္ဘာကြီးက ကုသပေးရန် လိုသော စိတ်ဒဏ်ရာဒဏ်ချက်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ နေစရာ၊ အစားအစာ၊ ကျောင်းပညာသင်ယူမှု၊ စိတ်ပိုင်းဆိုင်ရာ ကုသစောင့်ရှောက်မှုနှင့် ငလျင်ဒဏ်သင့်ပြည်သူများ၏ အနာဂတ်အတွက် အသေအချာ ပံ့ပိုးပေးရန်က မိမိတို့၏ တာဝန်ဝတ္တရားဖြစ်သည်ဟု မစ္စတာ ဂရစ်ဖစ်က ပြောသည်။

မစ္စတာ ဂရစ်ဖစ်သည် ယခုသီတင်းပတ်ကုန်က တူရကီသို့လည်း သွားရောက်ခဲ့သည်။ ဖေဖေါ်ဝါရီ ၁၁ ရက်က ၎င်းသည် နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကဟ်ရာမန်မာရက်စ်သို့ သွားရောက်ခဲ့ပြီး ငလျင်ဘေးသင့် မိသားစုများနှင့် တွေ့ဆုံကာ အဆိုပါ မိသားစုများ ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်စရာနှင့် စိတ်ထိခိုက်စရာ ဖြစ်စဉ်ပြောကြားချက်များကို နားထောင်ပေးခဲ့သည်။

“တူရကီမှာ ကျွန်တော် မြင်ခဲ့ရတာတွေက အင်မတန်ကို စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ “အရင်က မိသားစုတွေ၊ အမှတ်တရတွေနဲ့ ပြည့်နေခဲ့တဲ့ အိမ်တွေဟာ ခုချိန်မှာ အပုံလိုက် ပြိုကျနေပါတယ်။ ဒီငလျင်ဘေးသင့် ပြည်သူတွေကို မေ့လျော့မထားဘူး ဆိုတာကို သေချာအောင် ကျွန်တော်တို့ လုပ်ပါမယ်။ သူတို့နဲ့အတူ ကျွန်တော်တို့ ရပ်တည်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှနည်းလမ်းတွေနဲ့ သူတို့ကို ဆက်လက် ကူညီထောက်ပံ့ပါမယ်”

မစ္စတာ ဂရစ်ဖစ်သည် မြို့လယ်ပိုင်းရှိ အကြီးအကျယ် ထိခိုက်ပျက်စီးထားသော နေရာများ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့များနှင့်လည်း တွေ့ဆုံပြီး မြေပြင်၌ အရေးပေါ် ကူညီကယ်ဆယ်ပေးနေသူအားလုံး၏ ရဲရင့်မှုနှင့် စိတ်နှစ်မြုပ်လုပ်ကိုင်မှုတို့ကို ချီးကျူးခဲ့သည်။

မစ္စတာ ဂရစ်ဖစ်သည် ယမန်နေ့က ဂါဇီယန်တက်ပ်မြို့ကို သွားရောက်ခဲ့သည်။ ၎င်းသည် တုံ့ပြန်ကူညီမှုတွင် ပါဝင်လုပ်ကိုင်နေသော အစိုးရမဟုတ်သည့် အဖွဲ့များ (NGOs) နှင့် ကုလ လုပ်ဖော်ကိုင်ဘက်များနှင့် တွေ့ဆုံကာ ငလျင်ဘေးသင့်ဇုန်တွင် လုပ်ကိုင်နေသည့် အဖွဲ့များ၏ စိတ်ပိုင်းဖြတ်မှုနှင့် ရဲရင့်မှုတို့ကို ချီးကျူးခဲ့သည်။

အများအပြားသည် ၎င်းတို့ကိုယ်တိုင် မိသားစု၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆုံးရှုံးထားခဲ့ရသည်။ သို့သော် အရေးတကြီး ပန်ကြားချိန်တွင် ၎င်းတို့ ရောက်လာသည်ဟု ဂရစ်ဖစ်က မှတ်ချက်ပြုသည်။ ၎င်းသည် တူရကီနယ်စပ်ရှိ အကူအညီပစ္စည်း ပြောင်းရွှေ့ပေးပို့မှု စင်တာသို့ သွားရောက်ခဲ့ပြီး အကူအညီ ယာဉ်တန်းများ၏ တိုးမြင့်လုပ်ဆောင်နိုင်မှုကြောင့် အားတက်ခဲ့သည်။ အကူအညီများ လက်ခံရာနေရာများ ပိုမို ဖွင့်လှစ်ရန်နှင့် အကူအညီများကို မြန်မြန်ဆန်ဆန် တိုးမြှင့်ဖြန့်ဝေထုတ်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly