ကလေးများ နိုင်ငံသားဖြစ်ခွင့်အတွက် ရုရှကိုယ်ဝန်ဆောင်အမျိုးသမီး ၅,၀၀၀ ကျော် အာဂျင်တီးနားဆီ ဝင်ရောက် 

ကလေးများ နိုင်ငံသားဖြစ်ခွင့်အတွက် ရုရှကိုယ်ဝန်ဆောင်အမျိုးသမီး ၅,၀၀၀ ကျော် အာဂျင်တီးနားဆီ ဝင်ရောက် 

ဖေဖော်ဝါရီလ ၁၄ ရက်

မကြာသေးသော လများအတွင်း ရုရှကိုယ်ဝန်ဆောင် အမျိုးသမီး ၅,၀၀၀ ကျော်သည် အာဂျင်တီးနားနိုင်ငံထဲ ဝင်ရောက်ခဲ့ကြရာ ယင်းသို့ ဝင်ရောက်ကြရာ၌ ကြာသပတေးနေ့က လေယာဉ်တစ်စင်းတည်းပေါ် ၃၃ ဦး လိုက်ပါလာသည့်အထိ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

အဆိုပါ နောက်ဆုံးဝင်ရောက်လာသည့် ကိုယ်ဝန်သည်များတွင် အားလုံးမှာ နေ့စေ့လစေ့ ကိုယ်ဝန်သည်များ ဖြစ်ကြသည်ဟု အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီအရ သိရသည်။ 

ယင်း အမျိုးသမီးများသည် ၎င်းတို့၏ ကလေးငယ်များ အာဂျင်တီးနား နိုင်ငံသားဖြစ်ခွင့် ရရေးအတွက် ယခုကဲ့သို့ အာဂျင်တီးနားတွင် လာရောက်မီးဖွားလိုကြခြင်းဖြစ်သည်ဟု ယူဆရသည်။ 

အာဂျင်တီးနားသို့ ကိုယ်ဝန်သည်များ လာရောက်မှုသည် မကြာသေးခင်က တိုးများလာပြီး ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ရသည်ဟု ဌာနေမီဒီယာများက ဖော်ပြကြသည်။ 

ကြာသပတေးနေ့က အာဂျင်တီးနားမြို့တော်ဆီ လေယာဉ်တစ်စင်းတည်းဖြင့် ရောက်ရှိလာကြသော ရုရှကိုယ်ဝန်ဆောင် ၃၃ ဦးတွင် သုံးဦးမှာ “၎င်းတို့၏ အထောက်အထား မှတ်တမ်းမှတ်ရာများတွင် ပြဿနာရှိ၍” ထိန်းသိမ်းထားပြီး ယမန်နေ့ကလည်း သုံးဦး ထိန်းသိမ်းထားရကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ ဖလော်ရန်စီယာ ကာရစ်နာနိုက La Nacion သတင်းဌာနသို့ ပြောသည်။  

ထို ရုရှအမျိုးသမီးများသည် ခရီးသွားဧည့်သည်များအဖြစ် အာဂျင်တီးနားသို့ လာရောက်ကြခြင်းဖြစ်သည်ဟု အတည်ပြုပြောဆိုကြကြောင်း သူမက ပြောသည်။ 

“ဒီကိစ္စမှာ သူတို့တွေဟာ ခရီးသွားအလည်အပတ် လာရောက်တာ မဟုတ်ဘူးဆိုတာ ဖော်ထုတ်သိရှိရတယ်၊ သူတို့ကိုယ်တိုင်လည်း ဝန်ခံကြတယ်”ဟု ၎င်းက ဆိုသည်။ 

ရုရှနိုင်ငံသားလက်မှတ်ထက် ပိုပြီး လွတ်လွပ်ခွင့်ရှိသဖြင့် ရုရှအမျိုးသမီးများမှာ ၎င်းတို့၏ ကလေးငယ်များကို အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် ရချင်ကြခြင်းဖြစ်သည်ဟု သူမက ပြောသည်။ 

“ပြဿနာက သူတို့က အာဂျင်တီးနားဆီ လာရောက်တယ်၊ အာဂျင်တီးနားနိုင်ငံသားအဖြစ် ကလေးတွေကို မှတ်ပုံတင်ပြီး ပြန်ထွက်သွားကြတယ်၊ ကျွန်မတို့ရဲ့ ပတ်စ်ပို့ဟာ ကမ္ဘာမှာ အတော်လေး လုံခြုံစိတ်ချရတယ်၊ အာဂျင်တီးနား ပတ်စ်ပို့ ကိုင်ထားရင် နိုင်ငံပေါင်း ၁၇၁ နိုင်ငံကို ဗီဇာကင်းလွတ် ဝင်ရောက်နိုင်တယ်”ဟု ကရစ်နာနိုက ပြောသည်။ 

အာဂျင်တီးနား ကလေးငယ် ရှိခြင်းသည်လည်း မိဘများအတွက် အာဂျင်တီးနားနိုင်ငံသားဖြစ်ခွင့် လွယ်ကူမြန်ဆန်စေသည်။ ရပ်တည်ချက်အရ ရုရှပတ်စ်ပို့မှာ နိုင်ငံ ၈၇ နိုင်ငံဆီသာ ဗီဇာမဲ့ သွားရောက်နိုင်ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည်နှစ် ဖေဖော်ဝါရီလက ယူကရိန်းအား ကျုးကျော်ချိန်မှစပြီး ရုရှနိုင်ငံသားများအတွက် အနောက်နိုင်ငံအများစုသို့ သွားရောက်ရေးသည် ပိုမို ခက်ခဲလာခဲ့သည်။ 

အီးယူနှင့် ရုရှကြား ဗီဇာလွယ်ကူချောမွေ့ရေး သဘောတူညီချက်ကို ပြီးခဲ့သည့် စက်တင်ဘာက ရပ်ဆိုင်းလိုက်သဖြင့် ထပ်တိုး မှတ်တမ်းမှတ်ရာများ လိုအပ်ခြင်း၊ ဗီဇာလျှောက် လုပ်ငန်းစဉ် အချိန်ပိုကြာခြင်းနှင့် ဗီဇာထုတ်ပေးရာ၌ စည်းမျဉ်းများ ပိုတင်းကျပ်ခြင်းများ ရှိလာခဲ့သည်။ 

ရုရှနှင့် နယ်စပ်ထိစပ်နေသည့် အီးယူအဖွဲ့ဝင်နိုင်ငံအားလုံး အပါအဝင် နိုင်ငံတော်တော်များများက ရုရှတို့အတွက် ခရီးသွားဗီဇာများ ရပ်ဆိုင်းခဲ့သည်။ 

ကြာသပတေးနေ့က ဖမ်းဆီးထိန်းသိမ်းခံရသော အမျိုးသမီး သုံးဦးသည် “အတုအယောင် ခရီးသွားဧည့်သည်များ” အဖြစ် သံသယရှိ၍ ထိန်းသိမ်းထားခြင်းဖြစ်ရာ ယင်းသည် “မှားယွင်းစွာ အကျဉ်းချထားခြင်း”ပင် ဖြစ်သည်ဟု ၎င်းတို့၏ ရှေ့နေတစ်ဦးက ပြောသည်။ ထိုသို့ လုပ်နိုင်ခြင်းမျိုး “မိမိတို့၏ တရားစီရင်ရေးတွင် ရှိမနေဟု” ခရစ်ယာန် ရူဘီလာက ဆိုသည်။ 

“ဒီ အမျိုးသမီးတွေဟာ ရာဇဝတ်မှုလည်း မကျူးလွန်ထားဘူး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေကိုလည်း မချိုးဖောက်ဘူး၊ ဒါဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို တရားမဲ့ ပိတ်ပင်တာပဲ”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

ထိုနောက်ပိုင်း၌ ၎င်း အမျိုသမီး သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။ 

ရုရှနိုင်ငံသားများ အာဂျင်တီးနားဆီ လာရောက်ကြခြင်းသည် ယူကရိန်းစစ်ကြောင့် ဖြစ်သည်ဟု La Nacion က မှတ်ယူပြီး “စစ်ပွဲကနေ ထွက်ပြေးတာအပြင် သူတို့နိုင်ငံက ကျန်းမာရေးစနစ်ကြောင့်လည်း ပါတယ်၊ အာဂျင်တီးနားဆီ ဗီဇာကင်းလွတ် လာရောက်ခွင့် ရှိနေတာကလည်း ရုရှအမျိုးသမီးတွေကို ဆွဲဆောင်နေတယ်၊ ပြီးတော့ အရည်အသွေးမြင့်တဲ့ ဆေးပညာနဲ့ ဆေးရုံဆေးခန်းတွေကြောင့်လည်း လာရောက်ကြတာ ဖြစ်တယ်”ဟု ဖော်ပြသည်။ 

အာဂျင်တီးနားသို့ လာရောက်သော ရုရှနိုင်ငံသားများ၏ “ကလေးမီးဖွား ခရီးသွားလုပ်ငန်း” သည် အကျိုးအမြတ်များသည့် လုပ်ငန်းအဖြစ် ထွက်ပေါ်လာပြီး ခိုင်ခိုင်မာမာလည်း ရှိလာနေသည်။ 

အာဂျင်တီးနား၌ မီးဖွားလိုသော မိခင်လောင်းများအတွက် အမျိုးမျိုးသော အကျိုးဆောင်မှုများ ကမ်းလှမ်းသော ရုရှဘာသာစကား ဝက်ဘ်ဆိုက်တစ်ခုကိုလည်း ဘီဘီစီက တွေ့မြင်ထားသည်။ ယင်း ဝက်ဘ်ဆိုက်တွင် ကိုယ်ပိုင်မီးဖွားမည့် အစီအစဉ်များ၊ လေဆိပ်၌ လာရောက်ကြိုဆိုမှု၊ စပိန်စကားပြော သင်ခန်းစာများနှင့် အာဂျင်တီးနားမြို့တော်က အကောင်းဆုံး ဆေးရုံများတွင် တက်ရောက်သည့် ကုန်ကျစရိတ်များအား လျှော့ပေးခြင်းများအပါအဝင် ကြော်ငြာဝန်ဆောင်မှုများကို မြင်တွေ့ရသည်။ 

အဆိုပါ ဝန်ဆောင်ခများတွင် “ရိုးရိုးအဆင့်အတန်း”က အမေရိကန်ဒေါ်လာ ၅,၀၀၀ မှစကာ “ပထမတန်း”က ဒေါ်လာ ၁၅,၀၀၀ ကုန်ကျသော ဝန်ဆောင်ပေးမှုများ ပါရှိသည်။ 

ဝက်ဘ်ဆိုက်ကို တည်ထောင်သူသည် “မီးဖွားခရီးသွားလုပ်ငန်း” ကို ပံ့ပိုးပေးနေပြီး ၂၀၁၅ မှစကာ လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့များကို ပေးလျက်ရှိကာ ကုမ္ပဏီတစ်ခုလုံးသည် “၁၀၀ ရာခိုင်နှုန်း အာဂျင်တီးနားများ” ပဲ ဖြစ်သည်ဟု ယင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ရုရှအမျိုးသမီးများနှင့် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်များကို အာဂျင်တီးနားတွင် နေထိုင်ခွင့်ရစေသည့် အထောက်အထား မှတ်တမ်းမှတ်ရာအတုများ တရားမဝင် ထုတ်ပေးနေသော “ဒေါ်လာ သန်းနှင့်ချီတန် စီးပွားရေးလုပ်ငန်းနှင့် တရားမဝင် ကွန်ရက်” တစ်ခုကို စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အာဂျင်တီးနားရဲတပ်ဖွဲ့က စီးနင်းမှုများ ပြုလုပ်ခဲ့သည်ဟု La Nacion က စနေနေ့တွင် သတင်းဖော်ပြသည်။ 

ယင်း ဂိုဏ်းသည် ဝန်ဆောင်မှုအတွက် ဒေါ်လာ ၃၅,၀၀၀ ရယူခြင်းဖြစ်သည်ဟု ရဲက ဆိုသည်။ 

စီးနင်းမှုတွင် ဖမ်းဆီးနိုင်မှု မရှိသော်လည်း လက်တော့ပ်များ၊ တက်ဘလက်များအပြင် လူဝင်မှုဆိုင်ရာ စာရွက်စာတမ်းများနှင့် ငွေကြေးတော်တော်များများကို သိမ်းဆည်းရမိကြောင်း ရဲက ပြောသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly