မြန်မာသို့ လူကုန်ကူးခံရပြီး အဓမ္မအလုပ်ခိုင်းစေခံရသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်

မြန်မာသို့ လူကုန်ကူးခံရပြီး အဓမ္မအလုပ်ခိုင်းစေခံရသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်

ဖေဖော်ဝါရီလ ၁၄ ရက်

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး ဒစ်ဂျစ်တယ်ငွေကြေး လိမ်လည်ရိုက်စားလုပ်သည့် လုပ်ငန်းများ၌ အဓမ္မအလုပ်ခိုင်းစေခြင်းခံခဲ့ရသော ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ပြောသည်။

ယခု ကယ်တင်ပေးခဲ့ရသူများအနက် အမျိုးသားလေးဦးသည် အလုပ်အကိုင်ရရှိမည်ဟု ဆိုပြီး အွန်လိုင်းမှတစ်ဆင့် ဒူဘိုင်းကနေ ခေါ်ယူခြင်းခံခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုအတွက် “ဖောက်သည် ပံ့ပိုးကူညီမှု ကိုယ်စားလှယ်များ”အဖြစ် အလုပ်လုပ်ကိုင်ရမည်ဆိုပြီး ခေါ်ယူခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ကို ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သော်လည်း ယင်းနောက်တွင် မြန်မာနိုင်ငံသို့ တရားမဝင် လူမှောင်ခိုကူးခေါ်ဆောင်ခြင်းခံရကာ ယင်းတွင် ၎င်းတို့သည် ဒစ်ဂျစ်တယ်ငွေကြေး ရိုက်စားလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသည့် လုပ်ငန်းအဖွဲ့တစ်ခုအတွက် အတင်းအကျပ် အလုပ်လုပ်ကိုင်ပေးခဲ့ကြရသည်။

အလားတူ အမျိုးသမီးလေးဦးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခေါ်ဆောင်ခြင်း ခံခဲ့ရစဉ် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ယခု ကယ်ထုတ်နိုင်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးစလုံးသည် ဖေဖေါ်ဝါရီ ၁၃ ရက်မနက်အစောပိုင်းက မနီလာမြို့သို့ ဆိုက်ရောက်လာခဲ့ကြသည်။

နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်ရှာဖွေသည့် ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ကမ်းလှမ်းခေါ်ယူသည့် အလိမ်အညာ အလုပ်အကိုင်များကို သတိထားသင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေတ္တလက်ထောက်ဝန်ကြီး အက်ဒွာဒို ဟိုဆေး ဒီ ဗီဂါက ပြောသည်။

တရားမဝင် လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းအစုအဖွဲ့များသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားရှိ အွန်လိုင်း အလိမ်အညာ ရိုက်စား လုပ်ငန်းများ၌ ကျွန်သဖွယ် လုပ်သားများအဖြစ် ခိုင်းစေရန် အရှေ့တောင်အာရှတစ်ဝန်းမှ အလုပ်သမားများကို လူကုန်ကူးထားခဲ့သည်။

ဇန်နဝါရီလက သည်စထရိတ်တိုင်းမ် သတင်းစာက အင်တာဗျူးခဲ့သည့် မလေးရှားနိုင်ငံသားတစ်ဦးက ၎င်းသည် တစ်လလျှင် ရင်းဂစ် ၅,၀၀၀ (စင်္ကာပူဒေါ်လာ ၁,၅၃၀) နှင့်အတူ ကော်မရှင်ခ ရင်းဂစ် ၆,၀၀၀ အထိ ရမည် ဆိုသော အလုပ်တစ်ခုအတွက် မည်သို့မည်ပုံ ကမ်းလှမ်းခေါ်ဆောင်ခံခဲ့ရကြောင်းကို ပြန်ပြောပြသည်။

သို့သော် ၎င်းသည် အထင်နှင့်အမြင် တခြားစီဆိုသလို လာအို၊ မြန်မာ၊ ထိုင်း (၃) နိုင်ငံဆုံသည့် ရွှေတြိဂံဒေသရှိ ကျွန်အလုပ်သမားကမ့်စခန်းတစ်ခုကိုသာ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ၎င်းသည် ငွေကြေး လိမ်လည်မှု လုပ်ငန်းများအတွက် တစ်နေ့လျင် ၁၄ နာရီအထိ အလုပ်လုပ်ပေးခဲ့ရသည်။

အလားတူ လစဉ် လိမ်ညာရိုက်စားလုပ်ပေးရသည့် သတ်မှတ်ပမာဏဖြစ်သော ရင်းဂစ် ၃၀,၀၀၀ ကို မပြည့်မီသဖြင့် ရေပိုက်များဖြင့် ရိုက်နှက်ခံခဲ့ရပုံကို တခြားသော လူကုန်ကူးခံရသူတစ်ဦးက ပြန်လည်ပြောပြသည်။ အဆိုပါအလုပ်များတွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရကြောင်း တစ်ခြားသူများကလည်း ပြောသည်။

တချို့သည် ရေ ၂၀ လီတာခန့်ကို သယ်ပြီး လှေကား အချိုး နှစ်ချိုးကို အတက်အဆင်း လုပ်ရန် ခိုင်းစေခြင်းခံခဲ့ရသလို အလုပ်မလုပ်နိုင်တော့သူများထံမှ ကိုယ်အင်္ဂါများ ရယူသည် ဆိုသော စိတ်ထိခိုက်စရာ ဖြစ်စဉ်ပြောဆိုချက်များလည်း ရှိခဲ့သည်။

ရာဇဝတ်မှု အချက်အချာနေရာအဖြစ် နာမည်ဆိုးထွက်သည့် မြန်မာနိုင်ငံ မြဝတီမြို့ရှိ KK Garden တွင် မလေးရှားနိုင်ငံသား ၁,၀၀၀ ထက်မနည်း ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု ယုံကြည်ရသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly